ဗကသကျောင်းသူ မပိုပိုနှင့် ဝန်းရံပြည်သူ ကိုဝင်းကျော့မှူးတို့အား ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မလေးခုဖြင့် ကမာရွတ်တရားရုံး၌ရုံးထုတ်ခဲ့ပြီး ကျောင်းသားခေါင်းဆောင်များဖမ်းမမိသေး၍ အမှုမစစ်သေး

ဗကသကျောင်းသူ မပိုပိုနှင့် ဝန်းရံပြည်သူ ကိုဝင်းကျော့မှူးတို့အား ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မလေးခုဖြင့် ကမာရွတ်တရားရုံး၌ရုံးထုတ်ခဲ့ပြီး ကျောင်းသားခေါင်းဆောင်များဖမ်းမမိသေး၍ အမှုမစစ်သေး
Published 24 April 2015
အောင်ကျော်ထက်

ပင်မကျောင်းသားသပိတ်စစ်ကြောင်း၌ပါဝင်ခဲ့သည့် ကျောင်းသူမပိုပိုနှင့် ဝန်းရံပြည်သူတစ်ဦးဖြစ်သည့် ကိုဝင်းကျော့မှူးတို့အား ဧပြီ ၂၄ ရက်နံနက်ပိုင်းတွင် ပုဒ်မ ၅၀၅ (ခ)အပါအဝင် ပုဒ်မလေးခုဖြင့် ကမာရွတ်တရားရုံး၌ တတိယအကြိမ်ရုံးထုတ်ခဲ့ပြီး အမှုတွဲပါကျောင်းသားခေါင်းဆောင်များ ဖမ်းမမိသေးသောကြောင့် အမှုမစစ်ဖြစ်သေးကြောင်း သိရသည်။"အမှုကစစ်လို့မရသေးဘူးဖြစ်နေတယ်။ ဒီလှည်းတန်းမှာ ကျောင်းသားတွေဆန္ဒပြမှုမှာ ကျောင်းသားခေါင်းဆောင်ငါးဦးနဲ့ ဝန်းရံပြည်သူတစ်ဦးကို တရားစွဲဆိုထားတာ။ အခုက မပိုပိုနဲ့ ဝန်းရံပြည်သူ ကိုဝင်းကျော့မှူးကိုပဲမိသေးတယ်။ ကိုနန္ဒာစစ်အောင်က လက်ရှိသာယာဝတီထောင်မှာ။ ကျန်သုံးဦးကလွတ်နေတယ်။ ပြောချင်တာက အစိုးရအနေနဲ့ အမှုမှာပါသူအားလုံးကို တရားခွင်ရောက်အောင် မလုပ်နိုင်သေးဘဲနဲ့ အခုလိုလုပ်နေတာမကောင်းဘူး။ ရွေးကောက်ပွဲနီးလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအားလုံးကို ရသလောက်ဖမ်းဆီးထားသလိုဖြစ်နေတယ်။ မျက်ကွယ်စစ်လို့တော့ရပေမယ့် အခုချိန်တော့မဖြစ်နိုင်သေးဘူး" ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောကြားသည်။ထို့ပြင် ကျောင်းသူမပိုပိုနှင့် ဝန်းရံပြည်သူ ကိုဝင်းကျော့မှူးတို့အား ရုံးထုတ်လာစဉ် ဖမ်းဆီးခံကျောင်းသားပြည်သူများ အမြန်ဆုံးလွတ်မြောက်ရေး တရားရုံးရှေ့၌ ငှက်လွှတ်ကာ ကုသိုလ်ပြုလုပ်ခဲ့ကြသည်။

ကျောင်းသူမပိုပိုအား အချုပ်ကားပေါ်၌တွေ့ရစဉ်ဗကသကျောင်းသူဖြစ်သည့် ပိုပို (ခေါ်) ရတနာစုပိုလှိုင်နှင့် ဝန်းရံပြည်သူ ကိုဝင်းကျော့မှူးတို့ကို ကမာရွတ်ရဲစခန်းက ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅ (ခ) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။"ကလေးတွေလောက်တောင် ကတိမတည်တဲ့လူကြီးတွေ၊ ကိုယ်ပေးခဲ့တဲ့ကတိကိုကိုယ်တည်ပါ။ ကျွန်တော်တို့ကိုထောင်ချလည်း ဒီတိုက်ပွဲကြီးက ပြီးဆုံးသွားမှာမဟုတ်ဘူး" ဟု ကိုဝင်းကျော့မှူးကပြောကြားသည်။မပိုပိုနှင့် ကိုဝင်းကျော့မှူးတို့အနေဖြင့် မတ် ၁၀ ရက် ညနေပိုင်းက လှည်းတန်း၌ပြုလုပ်ခဲ့သည့် ကျောင်းသားသပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ယခုကဲ့သို့ အမှုဖွင့်ဖမ်းဆီးခြင်းဖြစ်ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ စုံစမ်းသိရသည်။မပိုပိုကို ဧပြီ ၈ ရက် ညနေပိုင်းတွင် ၎င်းနေထိုင်သော သန်လျင်မြို့နယ်ရှိနေအိမ်တွင် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် ဗကသကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်၊ ဂျိမ်း (ခ) လင်းထက်နိုင်နှင့် ကိုထက်ခိုင်စိုးတို့ကိုလည်း ယင်းအမှုများနှင့်ပင် ကမာရွတ်ရဲစခန်းမှ အမှုဖွင့်ထားပြီး ဝရမ်းပြေးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။