ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Assumption တက္ကသိုလ်တွင် တက်ရောက်နေသော မြန်မာကျောင်းသားတစ်ဦး ရှစ်လွှာမှ ပြုတ်ကျသေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Assumption တက္ကသိုလ်တွင် တက်ရောက်နေသော မြန်မာကျောင်းသားတစ်ဦး ရှစ်လွှာမှ ပြုတ်ကျသေဆုံး
Published 24 April 2015
အောင်ကျော်ထက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Assumption တက္ကသိုလ်တွင် တက်ရောက်နေသော မြန်မာကျောင်းသားတစ်ဦး ရှစ်လွှာမှပြုတ်ကျ သေဆုံးသွားကြောင်း ဘန်ကောက်ပို့စ် သတင်းဌာန၏ ဖော်ပြချက်များအရ သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၃ရက် နံနက်ပိုင်း ၃ နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရမ်ခမ်ဟမ်မြို့နယ် ဟိုမက်ရပ်ကွက် ၂၄လမ်း လမ်းသွယ် ၃၄ ရှိ Huamak Campus ကွန်ဒို A 8 လွှာ၌ နေထိုင်သည့် မြန်မာနိုင်ငံသားဖြစ်သူ Assumption တက္ကသိုလ် ကွန်ပျူတာ နောက်ဆုံးနှစ် တက်ရောက်နေသည့် အသက် (၂၂) နှစ်အရွယ် Vinnyသည် ၎င်းနေထိုင်သည့် ကွန်ဒို ရှစ်လွှာမှ ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုတ်ကျခဲ့ခြင်းကြောင့် လည်ပင်းကျိုး၊ လက်ခြေကျိုး ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အလောင်းအား ရေခဲတိုက်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
သေဆုံးရသည့် အကြောင်းရင်းမှာ “မသေဆုံးမီ နာရီပိုင်းအလို၌ ၎င်း၏ချစ်သူ ဖြစ်သည့် မြန်မာကျောင်းသူတစ်ဦးနှင့် အတူတူ ထမင်းထွက်စားခဲ့ကြောင်း၊ ထိုသို့ ထမင်းထွက်စားစဉ် ၎င်း၏ချစ်သူ မိန်းကလေးအား အခြားယောကျ်ားလေး တစ်ဦးက ရည်းစားစကား လာပြောရာမှ ၎င်းတို့စုံတွဲ အပြန်အလှန် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ထို့နောက် ကားငှားကာ သေဆုံးသူ နေထိုင်သည့် ကွန်ဒိုသို့ ပြန်လာခဲ့ကြကြောင်း၊ နေအိမ်အခန်းသို့ ပြန်ရောက်စဉ် သေဆုံးသူက အခန်းတွင်း အရင်ဝင်ရောက်ပြီး ချစ်သူမိန်းကလေးမှာ အခန်းတံခါး ပြန်ပိတ်နေစဉ် ပြတင်းပေါက်မှ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ခမ်ဟမ်မြို့နယ် ရဲစခန်း၏ ကနဦးစုံစမ်း စစ်ဆေးချက်များအရ သိရသည်။
အဆိုပါရဲစခန်း၏ ကနဦးစစ်ဆေးချက်များအရ သေဆုံးသူနေထိုင်သည့် အခန်းတွင်း ၌ ထူးထူးခြားခြား အဖြစ်အပျက်များ မတွေ့ရခြင်း၊ အခန်းနောက်ဖေးတံခါး တစ်ခုသာ ပွင့်နေခြင်း၊ သေဆုံးသူ၏ ချစ်သူမိန်းကလေးအား မေးမြန်းမှုများအရ ၎င်းအနေဖြင့် မိမိကိုယ်ကိုယ် သတ်သေသည်ဟု ကောက်ချက်ချထားကြောင်း သိရှိရပြီး ရဲတပ်ဖွဲ့အနေဖြင့် သေကြောင်းကြံစည်ခြင်း (သို့) အခြားသူ ပယောဂကြောင့် သေဆုံးခြင်း ဟုတ် မဟုတ်အား ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း ဘန်ကောက်ပို့စ် သတင်းဌာန၏ ဖော်ပြချက်များအရ သိရသည်။
 

Most Read

Most Recent