ရန်ကုန်မြို့အပါအဝင် နေရာအနှံ့အပြား၌ လေပြင်းများတိုက်ခတ်၍ နေရာအချို့၌ မိုးသည်းထန်စွာ ရွာသွန်း

ရန်ကုန်မြို့အပါအဝင် နေရာအနှံ့အပြား၌ လေပြင်းများတိုက်ခတ်၍ နေရာအချို့၌ မိုးသည်းထန်စွာ ရွာသွန်း
Published 24 April 2015
ဆန်းထူးအောင်၊ ဝေလင်းအောင်၊ ဉာဏ်ဝင်းရှိန်

ဧပြီ ၂၃ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ အပါအဝင် နေရာအနှံ့အပြား၌ လေပြင်းများ တိုက်ခတ်ပြီး နေရာအချို့တွင် မိုးသည်းထန် စွာရွာသွန်းခဲ့ကြောင်း သိရသည်။
ယခုဖြစ်ပွားသော ဖြစ်စဉ်သည် မိုးတိမ်တောင်နှင့် အရှေ့ဘက်မှလာသော လေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသအချို့တွင် လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်းကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။
“ဧပြီ ၂၀ ရက်ကနေ ၂၃ ရက်လောက် မြန်မာနိုင်ငံတစ်ဝန်းမှာ မိုးရွာမယ်။ ဧပြီ ၂၃ ရက်လောက်ကနေ ၂၅ ရက်လောက် မြန်မာနိုင်ငံအောက်ပိုင်းမှာ မိုးရွာမယ်ဆိုပြီး ထုတ်ထားတယ်။ အောက်ပိုင်းမှာ မိုးရွာတာက အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းတွေကြောင့်ဖြစ်တယ်။ ပြီးတော့ ဒီရက်ပိုင်းမှာ တအားပူတယ်။ အပူပြန်တက်တဲ့ တိမ်တွေကြောင့်မို့လို့ မိုးရွာပြီးတော့ လေပြင်းတိုက်တာတွေဖြစ်တယ်။ မိုးတိမ်တောင်တွေဖြစ်လို့ မိုးရွာတယ်။ ပူလာတဲ့ အချိန်ကျတော့ ရေခိုးရေငွေ့တွေက အပေါ်ပြန်တက်ပြီးတော့ မိုးရွာတယ်။ အခုဖြစ်စဉ်က ဖြစ်ပြီဆိုရင် နာရီဝက်လောက်ပဲ ကြာတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

ဧပြီ ၂၃ ရက် ညနေပိုင်းက တာမွေမြို့နယ်အတွင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်စဉ် မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ လေပြင်းများ တိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်စဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင် အထိတိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
“ညနေ ၅ နာရီ ၄၅ မိနစ်လောက်မှာ ကောင်းကင်က မှောင်မည်းလာပြီး ခဏကြာတော့ လေပြင်းတွေ အရမ်းတိုက်လာတယ်။ သိမ်မကြာဘူး။ မိုးက သဲကြီးမဲကြီးရွာတယ်။ လေပြင်းတိုက်တဲ့ အချိန်ကစပြီးတော့ မီးပျက်သွားတယ်။ လေပြင်းတိုက်ပြီး မိုးရွာတာက နာရီဝက်၊ တစ်နာရီလောက်ပဲ ကြာတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် နေထိုင်သည့် ဦးငွေသီးက ပြောကြားသည်။
အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့် နောက်ငါးရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးရွာသွန်းနိုင်ကြောင်း ဧပြီ ၂၀ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
“ရန်ကုန်-ပြည်လမ်း တစ်လျှောက်မှာ လေပြင်းတိုက်ပြီး သစ်ပင်တွေလဲကျနေတယ်။ စဖြစ်တဲ့အချိန်က ညနေ ၄ နာရီခွဲလောက်ကပါ။ စဖြစ်တော့ ကောင်းကင်က ချက်ချင်းနီရဲလာပြီး လေကတဖြည်းဖြည်း ပြင်းလာတယ်။ တချို့သစ်ပင် အကြီးကြီးတွေပါတယ်။ အဲဒီအတွက် အဲဒီသစ်ပင်တွေကို ဘေးကိုဖယ်ပြီးတော့ သွားလာနေကြရတဲ့အတွက် အချိန်အရမ်းကြာတယ်။ သွားလာနေရင်း သစ်ကိုင်းတွေ လွင့်ကျတာ တွေ့ရတယ်။ လမ်းဘေးပတ်လည် အိမ်ခြေစိပ်တဲ့ နေရာမှာတော့ နည်းနည်းသက်သာတယ်။ အိမ်မရှိတဲ့ လမ်းတစ်လျှောက်မှာတော့ သစ်ပင်ကြီးတွေ ပြိုကျတယ်။ သုံးဆယ်မြို့မှာ ဆိုရင်တော့ ကြော်ငြာဆိုင်းဘုတ်တချို့ လဲတာတွေရှိတယ်။ တိုက်ကြီးအဝင်နားရောက်တော့ လေရောမိုးရော ကြမ်းတယ်” ဟု လက်ပံတန်းသို့ သတင်းသွားယူပြီး ရန်ကုန်သို့အပြန် မိုးသက်လေပြင်း တိုက်ခတ်မှုနှင့် ကြုံရသည့် The Daily Eleven သတင်းထောက် ကိုဝေလင်းအောင်က ပြောကြားသည်။
ဧပြီ ၂၃ ရက် မိုးရွာသွန်းမှု အခြေအနေများသည် ပူတာအိုတွင် ၃ မီလီမီတာ၊ လားရှိုးမြို့တွင် အနည်းငယ်၊ တောင်ကြီးမြို့တွင် ၁ မီလီမီတာ၊ ကျိုင်းတုံမြို့တွင် ၉ မီလီမီတာ၊ နမ့်ဆန်မြို့တွင် ၆ မီလီမီတာ၊  မင်းတပ်မြို့ တွင် ၃ မီလီမီတာ၊ ခန္တီးမြို့တွင် ၃ မီလီမီ တာ၊ ကသာမြို့တွင် ၃ မီလီမီတာ၊ ပြင်ဦးလွင် မြို့တွင် ၂၀ မီလီမီတာ၊ မိတ္ထီလာမြို့တွင် ၃ မီလီမီတာ၊ မိုးကုတ်မြို့တွင် ၃ မီလီမီတာ၊ ပျဉ်းမနားမြို့တွင် ၆ မီလီမီတာ အသီးသီး ရှိခဲ့ကြောင်းလည်း သိရသည်။
ဆက်လက်ပြီး ကန့်ကောမြို့တွင် ၁ မီလီ မီတာ၊ အောင်လံမြို့တွင် ၃ မီလီမီတာ၊ ဟင်္သာတ မြို့တွင် ၄ မီလီမီတာ၊ ကျောက်တော်မြို့တွင် ၈ မီလီမီတာ၊ စစ်တွေမြို့တွင် ၁ မီလီမီတာ၊ ပြည်မြို့တွင် ၃၈ မီလီမီတာ၊ တောင်ငူမြို့တွင် ၁၈ မီလီမီတာ၊ ဇောင်းတူတွင် ၅၁ မီလီမီ တာ၊ ပဲခူးမြို့တွင် ၃ မီလီမီတာနှင့် မှော်ဘီမြို့ တွင် ၃ မီလီမီတာ၊ လွိုင်ကော်မြို့တွင် ၈ မီလီ မီတာ၊ ကော့သောင်းမြို့တွင် ၇ မီလီတာနှင့် မြိတ်မြို့တွင် ၂ မီလီမီတာ အသီးသီးရွာသွန်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗဒညွှန်ကြားမှု ဦးစီးဌာန၏ ဧပြီ ၂၃ ရက် ညနေ ၆ နာရီခွဲ တိုင်းထွာချက်များအရ သိရသည်။
“အခုအောက်ပိုင်းက အရှေ့ဘက်က လေပွေလှိုင်းရယ်၊ အပူပြန်တက်တိမ်တွေကြောင့်ပါ။ ဒါကြောင့် မိုးရွာသွန်းတာအပြင် လေပြင်းတိုက်တာတွေပါ ဖြစ်ပွားခဲ့တာ ဖြစ်တယ်။ အပေါ်ဘက်မှာ ရွာသွန်းတဲ့မိုးက အနောက်ဘက်ကလာတဲ့ လေတွေကြောင့် မိုးရွာတာဖြစ်တယ်။ အခုတစ်နိုင်ငံလုံးနီးပါး မိုးရွာတာဖြစ်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ မိုးတိမ်တောင်ဖြစ်စဉ်များသည် အနောက်တောင် မုတ်သုံလေမကျရောက်မီ မိုးကြိုကာလတွင် ဖြစ်ပွားလေ့ရှိကြောင်း၊ မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်မှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ လေပြင်းတိုက်ခတ်ပါက တစ်နာရီလျှင် ၃၅ မိုင်မှ ၄၀ မိုင်အထိရှိကြောင်း သိရသည်။
ဧပြီ ၂၃ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော မိုးမရွာသွန်းခင် လေပြင်းတိုက်ခိုက်မှုများအပေါ် နာဂစ်မုန်တိုင်း အတွေ့အကြုံရှိခဲ့ပြီး ဖြစ်သည့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ခဲ့ကြောင်း သိရသည်။                     

Most Read

Most Recent