ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအချို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ပိုမိုပူပြင်း

ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအချို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ပိုမိုပူပြင်း
Published 23 April 2015
ဆန်းထူးအောင်

ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအချို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် သုံးဒီဂရီစင်တီဂရိတ်မှ လေးဒီဂရီစင်တီဂရိတ်ထက် ပိုမိုပူပြင်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပုံမှန်ထက်ပူပြင်းခဲ့သော ပြည်နယ်နှင့် တိုင်းဒေသကြီးများသည် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်းတွင် ဧပြီလ၏ ပျမ်းမျှအပူချိန်အောက် သုံးဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိကြောင်း သိရသည်။
ထူးခြားသည့် နေ့အပူချိန်များအနေ ဖြင့် ချောက်မြို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်၊ မြင်းခြံ၊ မင်းဘူးနှင့် မကွေးမြို့တို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဧပြီ ၂၂ ရက်ထုတ်ပြန်ချက်အရ သိရသည်။
ဆက်လက်ပြီး အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ ကြောင့် နောက်ငါးရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးရွာသွန်းနိုင်ကြောင်း ဧပြီ ၂၀ ရက်က မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် မကြာခင်ရက်ပိုင်းက မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် လေပြင်းတိုက်ခြင်း၊ မိုးရွာသွန်းခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များအနေဖြင့် မိုးမိတ်မြို့တွင် ၀ ဒသမ ၀၆ လက်မ၊ ဖလမ်းမြို့တွင် ၀ ဒသမ ၉၈ လက်မ၊ စစ်တွေ မြို့တွင် ၀ ဒသမ ၇၁ လက်မ၊ ပြည်မြို့တွင် ၀ ဒသမ ၅၅ လက်မ၊ ကလေးမြို့နှင့် မိုး ကုတ်မြို့တို့တွင် ၀ ဒသမ ၄၀ လက်မ အသီးသီးရွာသွန်းခဲ့ကြောင်း သိရသည်။
ယခုလက်ရှိကာလသည် မိုးကြိုကာလ ဖြစ်သဖြင့် အပူချိန်အပြင် မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခြင်း၊ မိုးရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်းများလည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။              

Most Read

Most Recent