မတ္တရာမြို့နယ်အတွင်း သမဝါယမက သိမ်းထားသောမြေများကို ခြံစည်းရိုးခတ်ရန် ကြိုးပမ်းမှုအပေါ် တားမြစ်သည့် တောင်သူ ၁၉ ဦးအား ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲ

မတ္တရာမြို့နယ်အတွင်း သမဝါယမက သိမ်းထားသောမြေများကို ခြံစည်းရိုးခတ်ရန် ကြိုးပမ်းမှုအပေါ် တားမြစ်သည့် တောင်သူ ၁၉ ဦးအား ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲ
Published 23 April 2015
ရဲရင့်အောင်

လွန်ခဲ့သည့် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းတွင် သမဝါယမဝန်ကြီးဌာနက ၎င်းတို့ သိမ်းဆည်းထားသော မတ္တရာမြို့နယ်ရှိ မြေယာများကို ခြံစည်းရိုးခတ်ရန် ကြိုးပမ်းမှုအပေါ် မြေသိမ်းခံတောင်သူများစွာက ဝိုင်းဝန်းတားမြစ်ခဲ့ကြပြီး တားမြစ်ရာတွင် ပါဝင်ခဲ့သော မူလတောင်သူ ၁၉ ဦးအား ဖြစ်စဉ်ဖြစ်ပွားအပြီး ရှစ်လခန့်အကြာ၌ မတ္တရာမြို့နယ် ရေနံ့သာ နယ်မြေစခန်းမှူးက ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုမှု ပြုလုပ်ထားကြောင်း သတင်းရရှိသည်။ ၁၈.၇.၂၀၁၄ တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွက် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅ တို့ဖြင့် တရားစွဲဆိုထားကြောင်း စခန်းမှူး ရဲအုပ်လှစိုးက ပြောကြားပြီး တရားစွဲခံတောင်သူများမှာ အမှုကိုရင်ဆိုင် ဖြေရှင်းမည် မဟုတ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့နှစ် ခုနစ်လပိုင်းက သမက လူတွေက ကျွန်တော်တို့ဆီက လက်မှတ်အလွဲသုံးစားလုပ်ပြီး (အစည်းအဝေး တက်ရောက်ကြောင်း လက်မှတ်အား မြေအပ်သည့် လက်မှတ်အဖြစ် အသုံးချ) သိမ်းထားတဲ့မြေတွေ ကိုခြံစည်းရိုးခတ်ဖို့ လုပ်ကြတယ်။ ဒါကို မြေသိမ်းခံတောင်သူ ၁၀၀ ကျော်က ဝင်တားတာပါ။ အဲဒီအတွက် ဒီနှစ် မတ်လမှာ တောင်သူ ၁၉ ဦးကို စခန်းမှူးက တရားစွဲထားတယ်လို့ သိရတယ်။ လောလောဆယ်တော့ အမှုကို ကျွန်တော်တို့ ရင်ဆိုင်ဖြေရှင်းမှာ မဟုတ်ဘူး” ဟု မြေသိမ်းခံတောင်သူ ဦးစိုးမင်းက ပြောကြားသည်။
မတ္တရာမြို့နယ် လင်းမြွေခဲ၊ မြွေ၊ ကျောက် စစ်မြောက်နှင့် ရေနံ့သာကျေးရွာတို့မှ လယ်မြေဧက ၆၀၀ ကျော်ကို သိမ်းယူမှုကြောင့် ဖြစ်ပေါ်နေသော ပြဿနာကို မြေယာဥပဒေအတိုင်း ဖြေရှင်းပေးရန် ကြိုးစားခဲ့ကြောင်းနှင့် သက်ဆိုင်ရာ ဌာနများသည် ဥပဒေကိုလေးစား လိုက်နာမှုမရှိခဲ့ကြောင်း မြေသိမ်းခံတောင်သူများက ပြောကြားသည်။
“ကျွန်တော်တို့က ဥပဒေအတိုင်း ဖြေရှင်းပေးဖို့ တင်ပြပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာဌာနက သတ်မှတ်ချိန် ကျော်လွန်တဲ့အထိ ဘာမှဆောင်ရွက်မှု မရှိဘူး။ ပြီးတော့ကျွန်တော်တို့ လယ်သမားတွေကို ပုဒ်မ ၅၀၅ (ခ)ကြီးတပ်ပြီး တရားစွဲတာတော့ လွန်လွန်းပါတယ်ဗျာ” ဟု ရေနံ့သာကျေးရွာ တောင်သူတစ်ဦးက ဆိုသည်။
နယ်မြေမတည်မငြိမ်ဖြစ်အောင် ပြုလုပ်ခြင်းကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုရကြောင်း၊ တရားမဝင် လူစုလူဝေးတွင် ပါဝင်မှုနှင့် တားမြစ်မှုကို မလိုက်နာခြင်းတို့ကြောင့် ပုဒ်မ ၁၄၃၊ ၁၄၅ တို့ ဖြင့်စွဲချက်တင်ထားခြင်း ဖြစ်ကြောင်း ရေနံ့သာစခန်းမှူးက ဆိုသော်လည်း တစ်ဖက်တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုမှုအတွက် ဥပဒေကို နားမလည်နိုင်အောင် ဖြစ်ရကြောင်း မြေသိမ်းခံတောင်သူများက ဆိုသည်။
“ကျွန်တော်တို့က တောင်သူတွေပါဗျာ။ နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် ဘာလုပ်လို့ရမှာလဲ။ မြေယာပြဿနာကို ဥပဒေအတိုင်း မဖြေရှင်းပေးဘဲနဲ့ လယ်သမားတွေကို ဒီလို ပုဒ်မတွေတပ်ပြီး တရားစွဲတာကို ကျွန်တော်တို့တွေ အားလုံး နားမလည်နိုင်ပါဘူး” ဟု တောင်သူဦးဝင်းက ဆိုသည်။
ယခုတရားစွဲဆိုခံရမှုသည် ဒုတိယအကြိမ် ဖြစ်ကြောင်း တောင်သူများက ပြောကြားပြီး ယခုဖြစ်စဉ် မတိုင်ခင်ကလည်း ထွန်တုံးတိုက်ပွဲ ပြုလုပ်ခြင်းကြောင့် တောင်သူ ၆၀ ခန့်မှာ ပုဒ်မ ၄၄၇၊ ၁၄၃၊ ၁၄၅ တို့ဖြင့် တရားရင်ဆိုင်နေရကြောင်း၊ ဦးဆောင်သူဟု ယူဆခံရသူ လေးဦးမှာ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် တစ်နှစ်မှ တစ်နှစ်သုံးလအထိ ထောင်ဒဏ်များ ကျခံခဲ့ရကြောင်း သိရသည်။
“၂၀၁၄ မတ်လက ထွန်တုံးတိုက် ပွဲလုပ်တဲ့အတွက်တောင်သူ ၆၀ လောက်က အခုအထိ ပုဒ်မသုံးခုနဲ့ တရားရင်ဆိုင်နေရတုန်းပဲ။ ကျွန်တော်ကတော့ ပုဒ်မ ၅၀၅ (ခ)နဲ့ တစ်နှစ်ထောင်ကျတယ်။ သိပ်မကြာခင်က ပြန်လွတ်လာတာ။ ထောင်ကျနေတာ သုံးယောက် ကျန်သေးတယ်။ အခုထပ်ပြီးတော့ ပုဒ်မ ၄၄၇ နဲ့ တရားရင်ဆိုင်ရဦးမယ်” ဟု ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်က ထောင်မှလွတ်မြောက်လာသော တောင်သူ ဦးနေဝင်းက ပြောကြားသည်။
ယခုပြဿနာနှင့် စပ်လျဉ်း၍ သမဝါယမဝန်ကြီး ဦးကျော်ဆန်းက မြေလွတ်မြေရိုင်းများကို သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း လွန်ခဲ့သောနှစ်က ပြောကြားခဲ့ပြီး တောင်သူများကမူ ၎င်းတို့ ပိုင်ဆိုင်ခဲ့ကြောင်း ခိုင်လုံသော သက်သေပြနိုင်သည်ဟု ဆိုသည်။ သိမ်းယူခဲ့သော အချင်းဖြစ်မြေများ၌ သမဝါယမက အစုချခြင်း၊ ငါးကန်များ တူးဖော်ခြင်းတို့ လုပ်ကိုင်ခဲ့ကြောင်း သိရပြီး ယမန်နှစ်ထွန်တုံးတိုက် ပြီးချိန်မှစတင်ကာ မူလတောင်သူများက ပြန်လည် ထွန်ယက်စိုက်ပျိုးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။                       

Most Read

Most Recent