ဖမ်းဆီးခံထားရသည့် ဒီမိုကရေစီ ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား သာယာဝတီ တရားရုံးတွင် ပြောင်းလဲစစ်ဆေးရန် သာယာဝတီခရိုင် တရားရုံးက အမိန့်ချ

ဖမ်းဆီးခံထားရသည့် ဒီမိုကရေစီ ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား သာယာဝတီ တရားရုံးတွင် ပြောင်းလဲစစ်ဆေးရန် သာယာဝတီခရိုင် တရားရုံးက အမိန့်ချ
Published 23 April 2015
ဝေလင်းအောင်၊ ဉာဏ်ဝင်းရှိန်၊ ပြည့်ဖြိုးအောင်

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် မတ်လအတွင်းက အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြမှုကြောင့် သာယာဝတီ အကျဉ်းထောင်၌ ဖမ်းဆီးခံထားရသော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံပြည်သူ စုစုပေါင်း ၇၀ ဦးကို ဧပြီ ၂၃ရက်က လက်ပံတန်းမြို့နယ် တရားရုံး ၌ (၅) ကြိမ်မြောက် ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့သည်။
အဆိုပါ ရုံးထုတ်သည့်နေ့တွင် အဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံပြည်သူများအား လက်ပံတန်းတရားရုံး၌ စစ်ဆေးနေမှုအား ဧပြီ ၃၀ရက်မှ စတင်ကာ သာယာဝတီ အကျဉ်းထောင်တွင် ပြောင်းလဲစစ်ဆေးရန် သာယာဝတီခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း ကျောင်းသား၊ ကျောင်းသူများ၏ အကျိုးဆောင်ရှေ့နေများထံမှ သိရသည်။

ဧပြီ ၂၃ ရက်က လက်ပံတန်းတရားရုံးသို့ ရုံးထုတ်လာသည့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်အား တွေ့ရစဉ်
“ဒီနေ့ကတော့ သာယာဝတီတရားရုံးမှာ ပြောင်းလဲစစ်ဆေးဖို့ ခရိုင်တရားရုံးက အမိန့်ချတယ်။ ပြီးတော့ ရုံးရှေ့မရောက်သေးတဲ့သူတွေ ရှိတဲ့အတွက် အမှုကစစ်ဖြစ်ဦးမှာတော့ မဟုတ်သေးဘူး။ ဝရမ်းထုတ်ခံထားရတဲ့သူတွေ တရားရုံးမရောက်ခဲ့ဘူး ဆိုရင်လည်း အမှုကို မျက်ကွယ်စစ်ဖို့ကိုလည်း သာယာဝတီတရားရုံးမှာပဲ ပြုလုပ်ရမှာပါ။ အမှုအတွက် တရားလိုပြ သက်သေ ၄၃ ဦးရှိတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
ယင်းသို့ တရားရုံးပြောင်းလဲ စစ်ဆေးမှုကို တရားလို လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့်က လုံခြုံရေး အခြေအနေကြောင့် ဟုဆိုကာ ရုံးပြောင်းလျှောက်ထားခဲ့ခြင်းဖြစ်ပြီး အဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူများမှလည်း သာယာဝတီ အကျဉ်းထောင်အတွင်း ရုံးပြောင်းမှုကို သဘောတူလက်ခံကြောင်း မတ်လအတွင်းက လက်မှတ်ရေးထိုး ခဲ့ရသည်ဟု ကျောင်းသားများက ဆိုသည်။

ကျောင်းသား၊ ကျောင်းသူများအား လာရောက်အားပေးကြသည့် ပြည်သူများက တရားရုံးရှေ့တွင် တောင်းဆိုနေစဉ်
ရုံးပြောင်းစစ်ဆေးမှုနဲ့ ပတ်သက်၍ ဖမ်းဆီးခံကျောင်းသား ကိုသီဟဝင်းတင်က “လက်ပံတန်းမှာ ရုံးထုတ်တဲ့အခါ လာရောက်တဲ့ ပြည်သူတွေများတဲ့အတွက် လုံခြုံရေးအနေထားအရ စိတ်မချတဲ့အတွက် ရုံးပြောင်းစစ်တာဖြစ်နိုင်တယ်။ အာဏာပိုင်တွေအနေနဲ့ စေတနာကောင်းတာ ရှိခဲ့မယ်ဆိုရင် လုံခြုံရေးအခြေအနေကို ကြောက်စရာမရှိဘူး။ မဟုတ်တာလုပ်တဲ့အတွက် ကြောက်နေတာလို့မြင်တယ်” ဟု ပြောကြားသည်။
အလားတူ သပိတ်စစ်ကြောင်း ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် မဖြိုးဖြိုးအောင်က “ကျောင်းသားတွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်ရေးကို လိုချင်ပါတယ်။ ကျွန်မတို့ ကျောင်းသားသမဂ္ဂတွေကို အစိုးရက အမျိုးမျိုးအဖုံဖုံ ဖိနှိပ်နေတယ်။ အခုကျောင်းသားတွေကို မတရားပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်။ အဲဒီလို မတရားစွဲဆိုထားမှုတွေကို တရားခွင်မှာ တရားနည်းလမ်းတကျ ဖြေရှင်းမှာ ဖြစ်ပါတယ်။ ကျွန်မကို ပန်းဘဲတန်းတရားရုံးနဲ့ ဗိုလ်တထောင်တရားရုံးမှာ ပုဒ်မ-၁၈ နဲ့တရားစွဲထားတယ်လို့ သိရပါတယ်” ဟု  ပြောကြားသည်။
နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်းရံပြည်သူများအား မိသားစုဝင်များနှင့် အလှည့်ကျ တွေ့ဆုံခွင့်ပေးခဲ့ပြီး  သတင်းမီဒီယာများနှင့်လည်း တွေ့ဆုံခွင့်ပြုခဲ့သည်။

တရားရုံးသို့ ရုံးထုတ်လာသည့် မအိသဉ္ဇာမောင် (ယာစွန်) နှင့် ဖမ်းဆီးခံကျောင်းသူနှစ်ဦးအား တွေ့ရစဉ်
“ကျွန်တော့်သား အခုလိုအဖမ်းခံထားရတာက နိုင်ငံတော်ကို ပုန်ကန်လို့ ဖမ်းခံထားရတာ မဟုတ်ဘူး။ အများအတွက်ကောင်းမယ့် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုလို့ ဖမ်းဆီးခံထားရတာဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး မိဘတစ်ယောက်အနေနဲ့ ကျွန်တော်တို့ဂုဏ်ယူပါတယ်” ဟု ဖမ်းဆီးခံ ကျောင်းသားတစ်ဦး၏ဖခင်က ဆိုသည်။
အဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူများအား လာရောက်အားပေး ကြည့်ရှုကြသည့် ပြည်သူများမှ တရားရုံးရှေ့တွင် အကြမ်းဖက်မှု အလိုမရှိဟု ရေးသားထားသော ပင်နီဦးထုပ်များ ဦးခေါင်းတွင် တူညီစွာ ဆောင်းခဲ့ကြပြီး မတရားဖမ်းဆီးခံ ကျောင်းသားများ ချက်ချင်းလွှတ်၊ အကြမ်းဖက်အစိုးရ အလိုမရှိဟု ကြွေးကြော်တောင်းဆို ခဲ့ကြသည်။
“ကျွန်မအနေနဲ့ ရုံးပြောင်းတဲ့ကိစ္စကို အဓိကထား မပြောချင်ဘူး။ အဓိက,က တရားစီရင်တဲ့အခါမှာ တရားမျှတမှုရှိဖို့လိုတယ်။ အမှန်တရားကို စစ်တဲ့အခါမှာ အများပြည်သူရှေ့မှာ ထင်သာမြင်သာရှိရမယ်။ ထောင်ထဲမှာ ခြင်အရမ်းကိုက်တယ်။ ရေသန့်ရှင်းမှု မရှိဘူး” ဟု ဖမ်းဆီးခံထားရသူ တစ်ဦးဖြစ်သည့် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ် တက်ရောက်နေသည့် မအိသဉ္ဇာမောင်က ဆိုသည်။

ရုံးထုတ်သည့်နေ့တွင် တွေ့ရသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိသားစုဝင်များ
တရားရုံးချိန်းသို့ လာရောက်ခဲ့ကြသည့် ပြည်သူအချို့က တရားရုံးရှေ့တွင် “လူမဆန် စွာ ရိုက်နှက်ဖမ်းဆီးထားသော ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား ချက်ချင်းလွှတ်” စသည့်စာတန်း ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ တောင်းဆိုခဲ့ကြသည်။
မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံပြည်သူများအား သာယာဝတီ အကျဉ်းထောင်သို့ ပြန်လည်ခေါ်ဆောင်သည့် အခါတွင် ဗကသ ကျောင်းသားများနှင့် ပြည်သူအချို့က လက်ပံတန်းမြို့လယ် အဝိုင်းတွင်စောင့်ကာ သွေးသစ္စာသီချင်းအား တီးဝိုင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည်။
သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးထားသော ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား ပုဒ်မ-၁၄၃၊ပုဒ်မ-၁၄၅၊ ပုဒ်မ-၁၄၇၊ ပုဒ်မ-၃၃၂၊ ပုဒ်မ-၅၀၅ (ခ)တို့ ဖြင့် တရားစွဲဆိုထားပြီး ယင်းအနက် ကျောင်းသားခေါင်းဆောင် ကျော်ကိုကို၊ ရဲရင့်ကျော်နှင့် မြတ်သူတို့အား တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။ နောက်တစ်ပတ် ရုံးချိန်းအား ဧပြီ ၃၀ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။
 

Most Read

Most Recent