တပ်မတော်နှင့် KIA တို့အကြား လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးတင်းမာမှုများအား တားဆီးနိုင်ရေး နှစ်ဖက်ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ အရေးပေါ် တွေ့ဆုံညှိနှိုင်းမည်

တပ်မတော်နှင့် KIA တို့အကြား လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးတင်းမာမှုများအား တားဆီးနိုင်ရေး နှစ်ဖက်ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ အရေးပေါ် တွေ့ဆုံညှိနှိုင်းမည်
Published 23 April 2015
အောင်ဇော်ထွန်း

အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့၏ နှစ်ဖက်အောက်ခြေ တပ်များအကြား လက်ရှိဖြစ်ပေါ်နေသော စစ်ရေးတင်းမာမှုများအား တားဆီးနိုင်ရေးအတွက် နှစ်ဖက်ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့တို့သည် ယခု ဧပြီလကုန်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တွေ့ဆုံညှိနှိုင်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မူလက ဧပြီ ၂၅ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ကိုယ်စားလှယ်အချို့ မအားလပ်မှုကြောင့် ဧပြီ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးနိုင်ရေး ညှိနှိုင်းနေကြောင်း အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး ပါဝင်ဆောင်ရွက်နေသည့် မြစ်ကြီးနားမြို့ အခြေစိုက်ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။
တပ်မတော်နှင့် KIA တပ်မဟာ(၂)လက် အောက်ခံတပ်ရင်းများဖြစ်သော တပ်ရင်း(၆)၊ တပ်ရင်း (၁၄) တပ်တို့အကြား ယခုဧပြီလလယ်က ကချင်ပြည်နယ် ဖားကန့်ဒေသနှင့် တနိုင်းဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲပြောဆိုနေကြသည်ဟု ဦးလမိုင်ဂွန်ဂျာက ဆိုသည်။
ဦးလမိုင်ဂွန်ဂျာက “လတ်တလော အခြေအနေမှာ တပ်ရင်း(၆)ဘက်မှာလည်း တိုက်ပွဲအနည်းအကျဉ်းဖြစ်တယ်။ နောက်ပြီး တပ်ရင်း ၁၄ ဘက်မှာလည်းပဲ တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲလေးတွေ ပြန်ဖြစ်လာတဲ့ အခါကျတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့တွေက အရင်ဆုံး တွေ့ဆုံပြီးမှ ကြိုတင်ပြီး တားဆီးတဲ့သဘောနဲ့ တွေ့ဆုံဖို့ပါပဲ” ဟု ပြောကြားသည်။
ဆက်လက်၍ ဦးလမိုင်ဂွန်ဂျာက “ဖြစ်ပွားတဲ့အကြောင်းရင်းက အောက်ခြေမှာကျတော့ တစ်ဖက်နဲ့တစ်ဖက်က အငြင်းအခုံ ဖြစ်နေတယ်။ အဲဒီမှာ နန့်တက်ချောင်းဆိုတာ ရှိတယ်။ အဲဒီချောင်းရဲ့တစ်ဖက်ကမ်းမှာ ကေအိုင်အေအဖွဲ့ရှိတယ်။ တစ်ဖက်မှာကျတော့ အစိုးရရဲ့ တပ်တွေရှိတယ်။ အဲဒါတစ်ဖက်နဲ့ တစ်ဖက်က ဟိုဘက်က ကေအိုင်အေက လက်နက်ကြီးနဲ့ပစ်လို့ ဒီဘက်တပ်က ပြန်ပစ်ရပါတယ်ဆိုတာမျိုး၊ ကေအိုင်အေကလည်း ဒီဘက်ကတပ်က အရင်ပစ်လို့ ပြန်ပစ်ရပါတယ် ဆိုတာမျိုးပေါ့။ အောက်ခြေမှာ အဲဒီလို အငြင်းအခုံ ဖြစ်ပြီးမှ ဖြစ်တဲ့ကိစ္စတွေပါ” ဟုဆိုသည်။
၂၀၁၄ ခုနှစ် မေ ၁၃ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကေအိုင်အိုအဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်ပြီး ပြည်နယ်အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိများ ပါဝင်သော အစိုးရ၏ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကေအိုင်အိုမှ ဗိုလ်မှူးကြီး ဇော်တောင်ဦးဆောင်သည့် ကေအိုင်အို၏ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကို ဖွဲ့စည်းပြီးနောက် လစဉ်တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ နှစ်ဖက်အကြားတိုက်ပွဲဖြစ်ပွားမှု လျှော့ချနိုင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် တပ်မတော်မှ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုဖြစ်ပြီးနောက် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးများ၏ ပုံမှန်တွေ့ဆုံမှုကို KIO က ရပ်ဆိုင်းခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် KIO အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ်နှင့် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ မတ် ၁၆ ရက်က နေပြည်တော်၌ သီးခြားစီတွေ့ဆုံ ဆွေးနွေးပြီးနောက်  ဧပြီ ၆ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အိုဆက်ဆံရေးရုံးတွင် နှစ်ဖက်ပဋိပက္ခညှိနှိုင်းရေး အဖွဲ့တို့တွေ့ဆုံ၍ နှစ်ဖက်တပ်များအကြား တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရန် ပဋိပက္ခဖြစ်နိုင်ခြေရှိသော နေရာများကို သွားလာမည်ဆိုပါက နှစ်ဖက်အကြား ကြိုတင်ညှိနှိုင်း ဆောင်ရွက်ရန်အတွက် ဆွေးနွေးသဘောတူခဲ့ကြကြောင်း သိရသည်။
အစိုးရနှင့် ကေအိုင်အို အဖွဲ့တို့သည် ၁၉၉၄ ခုနှစ်မှ  ၂၀၁၁ ခုနှစ်အထိ ၁၇ နှစ်ကြာ အပစ်ရပ်စဲရေး ဆောင်ရွက်နိုင်ခဲ့သော်လည်း လက်ရှိအစိုးရသစ်လက်ထက် ၂၀၁၁ ဇွန်လမှ စတင်ကာ နှစ်ဖက်အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ တိုက်ပွဲပေါင်း ၁၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း ကချင်ဒေသနှင့် ရှမ်းမြောက်ဒေသများတွင် နှစ်ဖက်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။             
        

Most Read

Most Recent