တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ
Published 23 April 2015
ကျော်ဇင်ဝင်း

တပ်မတော်နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ရခိုင်လက်နက်ကိုင် အဖွဲ့မှ အဖွဲ့ဝင် ခုနစ်ဦးဖမ်းဆီးရမိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပြုနေသည့် လက်နက်ကိုင်အချို့အား တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းရာတွင် ဧပြီ ၂၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ပိန္နဲချောင်းရွာ အနောက်မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာ၌ လက်နက်ကိုင်အင်အားအချို့နှင့် ထိတွေ့တိုက်ပွဲထပ်မံ ဖြစ်ပွားပြီး လက်နက်ကိုင်များ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်တွင် တပ်သားအဆင့်ရှိ အဖွဲ့ဝင်နှစ်ဦးအား အမ် (၂၂) နှစ်လက်၊ ကျည်အိမ်လေးခု၊ ကျည်အတောင့် ၅၀၊ လက်ပစ်ဗုံးသုံးလုံး၊ ချပ်ဝတ်တန်ဆာနှစ်စုံ၊ ပြောက်ကျား ကျောပိုးအိတ်နှစ်လုံး၊ Sony ကင်မရာတစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ တပ်မတော်စစ်ကြောင်းများက လက်နက်ကိုင်များ ခိုအောင်းနိုင်သော နေရာများအား ရှင်းလင်းဆောင်ရွက်ရာ ညနေပိုင်းတွင် ပိန္နဲချောင်းရွာ၏ အနောက်မြောက်ဘက် နှစ်မိုင်ခွဲခန့်အကွာ၌ တဲ ၁၆ လုံးကို တွေ့ ရှိရပြီး တဲများမှ TNT ယမ်းအထုပ် ၆၀၊ Laptop Computer တစ်လုံး၊ လေးလုံးပါဓာတ်ခဲ အသေးအကတ် ၃၆၀၊ အိုင်ကွန်အားသွင်းစက် လေးလုံး၊ တရုတ်စစ်ကျောပိုးအိတ် ၃၄ လုံး၊ တရုတ်ဘေးလွယ်အိတ် အလုံး ၃၀၊ ချိတ်ခါးပတ် အချောင်း ၃၀၀၊ စစ်ခြေအိတ်အစုံ ၂၀၀၊ ချွေးသုတ် ပဝါအထည် ၁၂၀၊ ဟန်းကောခြောက်လုံး၊ မြေကျင်းတူး မြှုပ်ထားသည့် ဆန်ခြောက်အိတ်၊ စားအုန်းဆီငါးပိဿာ၊ ဆား ၁၀ ပိဿာ၊ ငါးနီတူခြောက် ငါးပိဿာနှင့် စာရွက်စာတမ်းများ ကိုလည်းကောင်း၊ ပိန္နဲချောင်းရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ၌ မီးရှို့ဖျက်ဆီးထားသည့် ရိက္ခာဂိုဒေါင်တဲ တစ်လုံးအား တွေ့ရှိရပြီး အနီးပတ်ဝန်းကျင်မှ ချပ်ဝတ်တန်ဆာ ၁၀၇ စုံ၊ လည်တိုဖိနပ်အရန် ၇၀၊ မိုးကာသလိပ်၊ ဆန် ၁၀၅ အိတ်၊ ဆားတစ်အိတ်နှင့် ငါးပိလေးအိတ် တို့ကိုလည်းကောင်း ရှာဖွေ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ပလက်ဝဒေသအတွင်း ပင်လုံကျေးရွာ၊ အောင်လံချောင်းကျေးရွာများ အနီး၌ ဧပြီ ၁၇ ရက်ကလည်း တပ်မတော် စစ်ကြောင်းများနှင့် ရခိုင်လက်နက်ကိုင် သောင်းကျန်းသူ အင်အားအချို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားကာ ရခိုင်သောင်းကျန်းသူများထံမှ ပြောက်ကျားကျောပိုးအိတ်နှစ်လုံး၊ ကျပ်ငွေ ၁၂၀၀၀၀၊ iPad တစ်လုံး၊ HUAWEI တယ်လီဖုန်းတစ်လုံး၊ သံလိုက်အိမ်မြှောင်တစ်ခု၊ ဟမ်းကောတစ်လုံး၊ အရပ်ဝတ်အင်္ကျီ သုံးထည်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
 ထို့နောက် တပ်မတော်စစ်ကြောင်းများက နယ်မြေများအား ရှင်းလင်းရာ တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာတွင် ပါဝင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသော သောင်းကျန်းသူများ ခိုအောင်းနေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ ဧပြီ ၁၉ ရက်တွင် ဗိုလ်အဆင့်ရှိသူ တစ်ဦးနှင့် တပ်သားအဆင့်ရှိသူ လေးဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်မှုအရ သိရသည်။ 
ဖမ်းဆီးရမိသော ရခိုင်သောင်းကျန်းသူများသည် လက်နက်၊ ခဲယမ်းများကို အခြားနေရာများတွင် သိုဝှက်ထားခဲ့ရာ ပိန္နဲချောင်းရွာ အရှေ့တောင်ဘက်ရှိ လျှိုအတွင်းမှ အမ် (၂၂) နှစ်လက်၊ ကျည်အိမ်လေးခု၊ ကျည်အတောင့် ၈၀၊ လက်ပစ်ဗုံးငါးလုံးနှင့် ချပ်ဝတ်တန်ဆာ နှစ်စုံကိုလည်းကောင်း၊ အောင်လံချောင်းရွာ အရှေ့မြောက်ဘက်ရှိ လျှိုအတွင်းမှ အမ်(၂၂) သုံးလက်၊ ကျည်အိမ်ရှစ်ခု၊ ကျည် ၁၆၇ တောင့်၊ လက်ပစ်ဗုံးလေးလုံးနှင့် ချပ်ဝတ်တန်ဆာ သုံးစုံကိုလည်းကောင်း၊ စုစုပေါင်း အမ်(၂၂) ငါးလက်၊ ကျည်အိမ် ၁၂ ခု၊ ကျည် ၂၄၇ တောင့်၊ လက်ပစ်ဗုံးကိုးလုံးနှင့် ချပ်ဝတ်တန်ဆာ ငါးစုံတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ ရခိုင်သောင်းကျန်းသူဟု သုံးနှုန်းထားသော်လည်း ရက္ခိုင့်တပ်မတော်(AA) က ၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ် ကျောက်တော်ဒေသနှင့် ချင်းပြည်နယ် ပလက်ဝဒေသတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ထားသည်။                

Most Read

Most Recent