ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လွှတ်တော်အစည်းအဝေးများ ပြန်လည်မကျင်းပမီ ပြုလုပ်ရန်ရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လွှတ်တော်အစည်းအဝေးများ ပြန်လည်မကျင်းပမီ ပြုလုပ်ရန်ရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 23 April 2015
ကျော်ဇင်ဝင်း

ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲကို လွှတ်တော်အစည်းအဝေးများ ပြန်လည်မကျင်းပမီ မေလဆန်းတွင် ပြုလုပ်ဖွယ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဧပြီ ၂၂ ရက်ကပြုလုပ်သော ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မေလဆန်းဆိုတော့ လွှတ်တော်မတိုင်ခင်လို့ပြောတာ။ အသိပေးတာပေါ့” ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
ထို့အတူ လွတ်လပ်တဲ့အာရှအသံ (RFA) သတင်းဌာန၏ အပတ်စဉ်ကဏ္ဍ တစ်ခုဖြစ်သော “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် ဧပြီ ၂၂ ရက်က ဆက်သွယ်မေးမြန်းမှုတွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “အဲဒီတုန်းကတော့ လွှတ်တော်မစခင် ဒါမှမဟုတ် အစမှာလုပ်မယ်လို့ဆိုပြီး ဒီလိုသဘော တူညီခဲ့ကြတာ။ အခုတော့ လွှတ်တော်ကလည်း မစသေးဘူး။ ... ဒီလိုဟာမျိုးဆိုတာ ထိရောက်ဖို့ဆိုတာ စိပ်စိပ်ကို လုပ်ရမှာ” ဟု ပြောကြားသည်။
အလားတူ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတွင် ပါဝင်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း နောက်တစ်ကြိမ် ဆွေးနွေးပွဲအား သင်္ကြန်ပြီးကာလနှင့် လွှတ်တော်ပြန်လည် စတင်မည့် မေ ၁၁ ရက် ကြားကာလအတွင်း ထပ်မံဖြစ်ပေါ်နိုင်ကြောင်း ပြောကြားထားသည်။
နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ ပါဝင်သည့် ပထမအကြိမ် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲကို ဧပြီ ၁၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ပြုလုပ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူဘောင်ဖြင့် ဆက်လက်ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့သည်။
ထို့ပြင် ငြိမ်းချမ်းရေးကိစ္စနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး၊ ရွေးကောက်ပွဲလွန်ကာလ တည်ငြိမ်အေးချမ်း ရေးကိစ္စများနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးရန်ကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။
ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အရေးကြီး အဆိုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
သို့ရာတွင် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးအဆိုအား ချက်ချင်း အကောင်အထည် ဖော်နိုင်ခြင်းမရှိဘဲ ခြောက်ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေးတွင် ပါဝင်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် တစ်ဦးတည်းအား ချန်လှပ်ထားကာ ကျန်ပုဂ္ဂိုလ်များနှင့် အခြားသော နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ စုစုပေါင်း လူဦးရေ ၄၀ ကျော်ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများကို သမ္မတဦးသိန်းစိန် ဦးဆောင်၍ ကျင်းပခဲ့သည်။
        

Most Read

Most Recent