အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူသေဆုံးမှုများရှိခဲ့

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူသေဆုံးမှုများရှိခဲ့
Published 23 April 2015
အောင်သူထွန်း

အိန္ဒိယ-မြန်မာ နယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးများပါသော မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့သောကြောင့် လူသေဆုံးမှုများရှိခဲ့ပြီး မြို့မရပ်ကွက်ရှိ ဓာတ်ပေါင်းစေတီ ထီးတော်ကိုးဆယ် ဒီဂရီ တိမ်းစောင်းခဲ့ကာ အဆောက်အအုံများ ခေါင်မိုးများလန်ခြင်း၊ အပင်ကြီးများပြိုလဲခြင်းနှင့် ဓာတ်တိုင်လဲခြင်းများ ဖြစ်ပေါ်ခဲ့သည်။
“ဧပြီ ၂၂ ရက် ည ၇နာရီခွဲလောက်မှာ လေတိုက်ပြီး မိုးသီးပါတဲ့မိုးတွေ ရွာတယ်။ မိုးသီးက ကွမ်းသီးလုံး အသေးအရွယ်လောက်ရှိမယ်။ လေတိုက်တာ ပြင်းထန်ပါတယ်။ လေတိုက်ခတ်မှုကြောင့် အောက်ကျင်းရပ်ကွက်ဘက်ဆိုရင် အိမ်ခေါင်မိုးမလန်တဲ့ အိမ်မရှိဘူး။ အိမ် ၁၀ လုံးမှာ ခြောက်လုံးလောက်က ခေါင်မိုးတွေလန်တယ်။ စော်ဘွားရပ်ကွက် ဘက်မှာလည်း လေကြမ်းသွားတယ်။ မြို့မ၊ စော်ဘွား၊ အောက်ကျင်းဘက်က အဆိုးဆုံး ဖြစ်ပါတယ်။ ကလေးမြို့ဘက် အထွက်ဘက် ကဆိုရင်ဘာမှ သိပ်မဖြစ်ကြဘူး” ဟု တမူးမြို့ခံ ဦးမော်စီက ပြောကြားသည်။
တမူးမြို့ မြို့မရပ်ကွက်တွင် တည်ထားကိုးကွယ်သော ဓာတ်ပေါင်းစေတီနှင့် အခြားစေတီ တစ်ဆူမှာလည်း ထီးတော်မှာ ၉၀ ဒီဂရီခန့် တိမ်းစောင်းသွားပြီး သာသနာ့ဗိမာန် အဆောက်အအုံမှာလည်း ပျက်စီးမှုရှိခဲ့ကာ အပင်ကြီးများ၊ ဓာတ်တိုင်များ ပြိုလဲခဲ့ပြီး အိမ်ခေါင်မိုးများလန်၍ ပျက်စီးမှု အများဆုံးဖြစ်ခဲ့သည်ဟု သိရသည်။
“အဓိက,ကတော့ မြို့ပေါ်မှာ ပျက်စီးမှုများပါတယ်။ စေတီနှစ်ဆူ ထီးတော်ယိုင်နဲ့သွားပါတယ်။ ကျွန်တော့်အသက်နဲ့ ဒီလောက်ပြင်းထန်တဲ့ လေတိုက်မှုမျိုးနဲ့ မိုးသီးကျမှုက အများဆုံးပါပဲ။ မိုးဇလဌာန ရဲ့ တိုင်းထွာမှုနဲ့ဆိုရင် လေတိုက်နှုန်းက မိုင် ၅၀ နဲ့ ၅၅ မိုင်နှုန်း လောက်ရှိတယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၄၀ အတွင်းမှာ အပြင်းထန်ဆုံး သဘာဝဘေးဒဏ်ပါပဲ ။ ပျက်စီးမှုများပါတယ်။ လောလောဆယ် သိန်းထောင်ဂဏန်းလောက် ဆုံးရှုံးမယ်လို့ ခန့်မှန်းရပါတယ်။ လူသေဆုံးမှုကတော့ အပင်ပိလို့ အမျိုးသမီးတစ်ဦး သေဆုံးပါတယ်။ နောက်တစ်ယောက်က လူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။ ပျက်စီးတာတွေကို ရှင်းလင်းဖို့အတွက် ဒီနေ့နေ့လယ် ၁ နာရီမှာ လူမှုအဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတွေ အစည်းအဝေး လုပ်နေပါတယ်” ဟု ဧပြီ ၂၃ ရက်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က ပြောကြားသည်။
တမူးမြို့ပေါ်တွင်သာ ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပြီး ကျေးရွာများနှင့် နန်းဖာလုံရပ်ကွက်တို့တွင် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။                   

Most Read

Most Recent