ပြည်ခရိုင်အတွင်း အမြင့်ဆုံးချမှတ်သည့် ပြစ်ဒဏ်အဖြစ် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ကိုရဲကျော်သူအား ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်

ပြည်ခရိုင်အတွင်း အမြင့်ဆုံးချမှတ်သည့် ပြစ်ဒဏ်အဖြစ် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ကိုရဲကျော်သူအား ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်
Published 23 April 2015
ဝေလင်း(ပြည်)

တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုရဲကျော်သူ (ခ) ကိုပဲပဲအား ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် တရားသူကြီး ဦးဌေးအောင်က ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ခွဲ စီရင်ချက်ချခဲ့ပြီး ပြည်ခရိုင်တွင် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ကြောင်း သိရသည်။
ပြည်ခရိုင် တောင်သူလယ်သမား အထွေထွေသပိတ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်လှုံ့ဆော်သည့် ဆရာစံ စာရွက်စာတမ်းများ ဝေငှမှုအတွက်  ၂၀၁၄ ခုနှစ် မတ်လက ဥသျှစ်ပင် ရဲစခန်းမှူး ရဲအုပ်ဝင်းဆန်းက တရားလိုပြု လုပ်၍ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်အပြီး ၂၀၁၅ ခုနှစ်၊ ဧပြီ ၂၃ ရက် မွန်းတည့် ၁၂ နာရီ ခွဲက စစ်ဆေးကြားနာတွေ့ရှိချက်များအရ ပြစ်မှုထင်ရှားသဖြင့် ပြစ်ဒဏ်ချမှတ်ရန်သာရှိ၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်လိုက်ခြင်းဖြစ်ပြီး ကျေနပ်မှုမရှိပါက အယူခံဝင်ပိုင်ခွင့်ရှိကြောင်း မြို့နယ်တရားသူကြီးက တရားခွင်တွင် ပြောကြားသည်။
“ဒီနေ့အမိန့်ချလိုက်တာဟာ တရားစီရင်ရေးမှာ တရားမျှတမှုမရှိဘူးဆိုတာ ပြလိုက်တာပဲ။ ကျွန်တော့်လက်ထဲမှာလည်း စာရွက်စာတမ်းလည်း မရှိပါဘဲ အခုလိုတရားစွဲတယ်။ ထောင်ချတယ်။ ဒါဟာ အုပ်ချုပ်သူတွေအလိုကျ တရားသူကြီးတွေက စစ်ဆေးထောင်ချနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်” ဟု အမိန့်ချအပြီး တရားခွင်မှ ပြန်လည်ထွက်ခွာလာစဉ် ကိုပဲပဲက ဆိုသည်။
အဆိုပါအမိန့်မချခင် ကိုပဲပဲက ၎င်း၏မျှော်လင့်ချက်နှင့် ရင်ဆိုင်ခဲ့ရသည့် အခြေအနေများကို “စွဲထားတဲ့တရားလိုက စာရွက်ဝေတယ်ဆိုပြီး တရားစွဲထားပေမယ့် ကျွန်တော် ဝေတာကိုလည်း မြင်တာမဟုတ်ဘူး။ ကျွန်တော့်ဆီကလည်း စာရွက်တိုက်ရိုက်ရတာ မဟုတ်ဘူးလေ။ ကျွန်တော်လည်း တကယ်မဝေခဲ့ဘူး။ သဘောတရားအရ ဆိုရင်တော့ အခြေအနေကောင်းပေမယ့် တရားဥပဒေစိုးမိုးမှု ဘယ်လောက် ရှိ မရှိ ကြည့်ရမယ်။ အထက်က စာအိတ်တွေ လာမလာ ကြည့်ရဦးမှာပေါ့။ ကျွန်တော့်အနေနဲ့ တစ်နှစ်ကျော်ကျော်ကြီး တရားရင်ဆိုင်နေရတာ သွားရေးလာရေးခက်ခဲတယ်။ အလုပ်ပျက်တယ်။ လမ်းစရိတ်တွေ ကုန်တယ်။ ဆိုလိုချင်တာက ကျွန်တော်တို့က နိုင်ငံတော်ကို တကယ်ပဲ အကြည်ညိုပျက် စေတာလား။ လုပ်ခဲ့လားဆိုတာ သေသေချာချာလေး စုံစမ်းပြီးမှ တရားစွဲဆိုမှုလေးတော့ လုပ်သင့်တာပေါ့။ ထောင်ကျနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ဖော်ကိုင်ဘက်တွေလည်း ပုဒ်မ ၁၈ တွေနဲ့ ထောင်ကျနေတာ တွေရှိတယ်။ အဲဒီတော့ ကျွန်တော်လည်း ကျနိုင်တယ်လို့ အဆုံးစွန်ထိ တွေးထားပါတယ်။ ကျွန်တော့်အထင်တော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ လူထုဆန္ဒခံယူပွဲမတိုင်ခင်ကို ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေကို အစီစဉ်တကျနဲ့ ထိန်းထားလိမ့်မယ်လို့ ယုံကြည်တယ်။ နောက်တစ်ခုက လယ်သမားတွေ ဆန္ဒထုတ်ဖော်တုန်းက ကျွန်တော်တို့က ဘေးကနေဝိုင်းရံနေတာပဲ ။ တကယ်တမ်း တရားစွဲမယ်ဆိုရင် အကုန်လုံးကို တရားစွဲရမယ်” ဟုဆိုသည်။
အဆိုပါ ကိုပဲပဲမှာ ပန်းတောင်းမြို့နယ် လယ်သမားအရေး တက်ကြွလှုပ်ရှားသူဖြစ်ပြီး အခြားပြည်ခရိုင် အထွေထွေ တောင်သူလယ်သမားသပိတ် ပြုလုပ်ခဲ့မှုဖြင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ရန် အမှုတွဲတည်ဆောက် နေခြင်းကိုလည်း ခံနေရသူဖြစ်သည်။
“မနေ့က သတင်းစာမှာလည်း ဖတ်ရတယ်။ တောင်သူလယ်သမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မ ၁၈ အပြင် ၅၀၅ (ခ) တွေနဲ့ တရားစွဲဆိုထားတယ်ဆိုတော့ နိုင်ငံရေးအလားအလာက မကောင်းဘူး။ ၁၈ ကပျော့တယ်ဆိုပြီး ၅၀၅(ခ) ကို တက်နေတဲ့ သဘောပဲ။ ပြည်မှာကတော့ အဲလောက်အပြစ် ဒဏ်ကျတာ မကြုံဖူးဘူး။ ၅၀၅ (ခ) မှာဆိုရင် ထောင်ဒဏ်နှစ်နှစ်အထိ ချရတယ်။ ဒါမှမဟုတ်လည်း ငွေဒဏ်နှစ်ရပ်လုံး ချလိုက်လည်းရတယ်။ တစ်နှစ်ခွဲဆိုတာတော့ များလွန်းအားကြီးတယ်” ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောကြားသည်။
ယင်းရုံးချိန်းအား ပန်းတောင်းမြို့နယ်မှ တောင်သူလယ်သမားများလည်း လာရောက်အားပေးခဲ့ဝိုင်းရံခဲ့ပြီး သရက်ခုံကျေးရွာမှ မစန်းစန်းခိုင်က “လယ်သမားတွေအတွက် ဦးဆောင်ပြီး လုပ်ပေးနေတာဆိုတော့ ဒီလိုမျိုးဖြစ်သွားတော့ စိတ်တော့မကောင်းဘူး။ ဒီလိုမျိုးမလုပ်သင့်တဲ့ ကိစ္စကို လုပ်တာပဲ။ တကယ် မလုပ်ဘဲလုပ်ခဲ့တာပဲ။ လယ်သမားတွေအတွက် လုပ်သင့်တဲ့ကိစ္စကို လုပ်နေတာပဲလေ။ ဒီလိုမျိုးတွေ လုပ်နေတော့ နဂိုကမှ လယ်သမားတွေက အကြောက်တရားနဲ့ နေနေရတော့ ပိုပြီးကြောက်လာနိုင်သလို တုန်လှုပ်မှုတွေဖြစ်လာတယ်။ ဦးဆောင်သူတွေ တစ်ယောက်ပြီး တစ်ယောက် ဒီလိုဖြစ်နေတော့ လယ်သမားတွေအနေနဲ့ အားကုန်သွားသလို ဖြစ်တာပေါ့။ သူတို့တွေ ဒီလိုဖြစ်နေပေမယ့် နောက်လူတွေက ဒီလိုတွေ ဆက်လုပ်နေစေချင်တယ်” ဟု ပြောကြားသည်။
၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစကာ ပြည်ခရိုင် ခြောက်မြို့နယ်မှ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ပုဒ်မ ၁၈၊ ၅၀၅(ခ) တို့ဖြင့် အမှုဖွင့်အရေးယူမှုများ ထောင်သွင်းအကျဉ်းချခြင်းများကို ဆက်တိုက်ဆိုသလို ပြုလုပ်နေလျက်ရှိပြီး သဲကုန်းမြို့နယ် တရားရုံးမှ ပုဒ်မ ၅၀၅(ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်လအထိ ချမှတ်ခဲ့မှုသာ ရှိခဲ့သည်။
 

Most Read

Most Recent