အလုပ်နှင့်ထောင်ဒဏ် ခြောက်လ ကျခံနေရသည့် ကိုသိန်းအောင်မြင့်အား ကိုပါကြီးကိစ္စ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ခြောက်လ ထပ်မံချမှတ်

အလုပ်နှင့်ထောင်ဒဏ် ခြောက်လ ကျခံနေရသည့် ကိုသိန်းအောင်မြင့်အား ကိုပါကြီးကိစ္စ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ခြောက်လ ထပ်မံချမှတ်
Published 23 April 2015
ဌေးလှအောင်

ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ခြောက်လကျခံနေရသည့် ကိုသိန်းအောင်မြင့်အား ကိုပါကြီးအတွက် ဆန္ဒထုတ်ဖော်ခဲ့မှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် ဧပြီ ၂၃ ရက် နံနက်ပိုင်းက အလုပ်နှင့်ထောင်ဒဏ် ခြောက်လထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။
ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ခြောက်လကျခံနေရသည့်အပြင် အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုအတွက် ဆန္ဒပြခဲ့မှုကြောင့် ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲဆို ခံထားရသည့် ကိုသိန်းအောင်မြင့်အား မြို့နယ်တရားသူကြီး ဦးဌေးအောင်က အလုပ်နှင့် ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ခြင်းဖြစ်သည်။
ကိုသိန်းအောင်မြင့်အမှုအား စစ်ဆေးအမိန့်ချမှတ်ခဲ့ရာတွင် မြို့နယ်တရားသူကြီးက “တရားစွဲဆိုခံထားရသည့် ဦးသိန်းအောင်မြင့်မှာ အလွတ်တန်း သတင်းထောက်ကိုပါကြီး အသတ်ခံခဲ့ရမှုနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း သိန်းစိန်အစိုးရနှင့် မင်းအောင်လှိုင်တို့တွင် တာဝန်ရှိသည်ဆိုသည့် ရင့်သီးသောစကားလုံးပါ စာသားများအား ကိုင်ဆောင်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ နိုင်ငံတော်တွင် အမြင့်ဆုံးရာထူးနှင့် တပ်မတော်တွင် အမြင့်ဆုံးတာဝန်ကို ထမ်းဆောင်နေသူများအား ဤကဲ့သို့သော စကားလုံးများကို သုံးစွဲခဲ့ကြောင်း၊ ဆန္ဒထုတ်ဖော်ခဲ့ရာတွင်လည်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ခေါ်ယူညှိနှိုင်း ပြောဆိုခဲ့သည်များကိုလည်း လိုက်နာမှုမရှိကြောင်း၊ တရားခံအား အပြစ်ရှိပါသလားဟု မေးမြန်းရာ၌ မိမိတွင် အပြစ်မရှိဟု ပြောဆိုခဲ့ကြောင်း စသည့်အကြောင်းအရာများကို ဖတ်ကြားခဲ့ပြီး ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းများကိုပါ စီရင်ချက်ချမှတ်မည့် စာသားများတွင် ထည့်သွင်း၍ အမှုနှင့်ဆီလျော်မှု ရှိသည်ဟုဆိုကာ ထည့်သွင်းဖတ်ကြားခဲ့ပြီး အမိန့်ချမှတ်ခဲ့ကြောင်း အမှုအား သွားရောက်နားထောင် ခဲ့ကြသူများက ပြောကြားသည်။
“အလွတ်တန်းသတင်းထောက် ကိုပါကြီးရဲ့အမှုကို မဖော်ထုတ်ဘဲနဲ့ ကျွန်တော့်ကို ပြစ်ဒဏ်ခြောက်လဆိုပြီး အမိန့်ချလိုက်တဲ့ အပေါ်မှာ ကျွန်တော်တို့နိုင်ငံမှာ တရားစီရင်ရေးဟာ ဘယ်လောက်အထိ ကမောက်ကမ ဖြစ်နေလဲဆိုတာ ဒါကိုအားလုံး သိသွားပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရေးလှုပ်ရှားနေတဲ့ သူတွေကို ရည်ရွယ်ချက်ရှိရှိ ထောင်ချတာ။ ဒီတရားရုံးက ကျွန်တော့်ကို တရားဥပဒေ ချိုးဖောက်တယ်လို့ဆိုတော့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အိမ် မီးလောင်တော့ တရားစီရင်ရေးမဏ္ဍိုင်နဲ့ ရဲဘက်တွေကဘာလို့ အရေးယူဆောင်ရွက်တာတွေ မလုပ်တာလဲ။ ကျွန်တော်တို့ဘက်ကနေ မေးခွန်းထုတ်စရာတွေ ဖြစ်နေတယ်။ တရားစီရင်ရေးမဏ္ဍိုင်က ယိမ်းယိုင်သွားတာ မဟုတ်ဘူး။ ယိမ်းယိုင်သွားတာက တည့်မတ်လို့ရသေးတယ်။ အခုဟာက ယိမ်းယိုင်သွားတာ မဟုတ်ဘူး။ လုံးဝပျက်သုဉ်းသွားတာ။ မရှိတော့ဘူူး။ ဒါဟာအာဏာရှင်တွေရဲ့ လုပ်ရပ်ပဲဖြစ်တယ်။ မီတာခတက်တဲ့ကိစ္စကို ကျွန်တော်တို့ဆန္ဒပြတယ်။ မီတာခကိစ္စကို မဖြေရှင်းဘဲနဲ့ ကျွန်တော်တို့ကို ထောင်ချလိုက်တယ်။ ၂၀၁၅ ဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် အရမ်းအရေးကြီးပါတယ်။ ဒီ ၂၀၁၅ မှာ ကျွန်တော်တို့လို တက်ကြွနိုင်ငံရေးသမားတွေ အပြင်မှာ မရှိစေချင်လို့ ရည်ရွယ်ချက်ရှိရှိ ထောင်ချနေတယ်လို့ပဲ ကျွန်တော်ကတော့ မြင်မိတယ်” ဟု အောင်မြေသာစံမြို့နယ် တရားရုံးမှ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခံရပြီးနောက် ကိုသိန်းအောင်မြင့်က ပြောကြားသည်။
“ဒီနေ့ ပုဒ်မ ၁၈ နဲ့ ဦးသိန်းအောင်မြင့်ကို ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့တာကအထက်က ဖိအားပေးတာမျိုး လုံးဝမရှိပါဘူး။ မြို့နယ်တရားသူကြီးက သူ့ရဲ့ဆင်ခြင်တုံတရားနဲ့အညီ အမိန့်ချမှတ်လိုက်တာပါ။ ဆန္ဒထုတ်ဖော်ခဲ့တဲ့ နေရာမှာလည်း သူက နိုင်ငံတော်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေကို စကားလုံးကြမ်းတမ်းတဲ့ပုံစံကို သုံးခဲ့ပါတယ်။ ကျွန်တော်တို့ တရားစီရင်ရေးဟာ လွတ်လပ်စွာ စီရင်ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်” ဟု တရားရုံး သတင်းပြန်ကြားရေး အရာရှိဖြစ်သူ ဒုတိယ မြို့နယ်တရားသူကြီး ဦးလွှမ်းမိုးအောင်က ပြောကြားသည်။
ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ခြောက်လအား နှစ်ကြိမ်အဖြစ် သီးခြားကျခံခဲ့ရသည့် ကိုသိန်းအောင်မြင့်မှာ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၇ ရက်က မန္တလေးမြို့ ၂၆ လမ်းနှင့် လမ်း ၈၀ (ကျုံးထောင့်) တွင် အလွတ်တန်းသတင်းထောက် ကိုပါကြီး သတ်ဖြတ်ခံရမှုအား အမှုမှန်ပေါ်ပေါက်စေရေးအတွက် မန္တလေးမြို့ရှိ နိုင်ငံရေးအင်အားစုများနှင့်အတူ ဆန္ဒထုတ်ဖော်ခဲ့ရာ ကိုသိန်းအောင်မြင့် တစ်ဦးတည်းကိုသာ အောင်မြေသာစံမြို့နယ်ရဲစခန်းမှ ဒုရဲမှူးအောင်မြင့်က တရားလိုပြုလုပ်ကာ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။       
 
 

Most Read

Most Recent