မြိတ်ကျွန်းစုအတွင်း ဗုံးခွဲပြီး ငါးဖမ်းဆီးခြင်းကို တားမြစ်အရေးယူ နေသော်လည်း ဆက်လက်လုပ်ကိုင်နေဆဲဖြစ်

မြိတ်ကျွန်းစုအတွင်း ဗုံးခွဲပြီး ငါးဖမ်းဆီးခြင်းကို တားမြစ်အရေးယူ နေသော်လည်း ဆက်လက်လုပ်ကိုင်နေဆဲဖြစ်
Published 23 April 2015
ဇော်မိုးဦး (မြိတ်)

မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများအနီးတွင် ပင်လယ်အတွင်းသို့ ဗုံးများချကာ ဖောက်ခွဲပြီး ငါးဖမ်းဆီးခြင်းကို တားမြစ်ထားကာ အရေးယူထောင်ချမှုများ ရှိနေသော်လည်း ယခုချိန်အထိ အဆိုပါလုပ်ငန်းများကို တရားမဝင်လုပ်ကိုင် နေသူများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
“ငါးဗုံးခွဲတာက အရမ်းကိုထိခိုက်မှုများပါတယ်။ ရေအောက်ကျောက်ဆောင်တွေ ပြိုကျသွားသလို အနီးနားမှာရှိတဲ့ စားလို့တဲ့ ရေသတ္တဝါရော၊ စားလို့မရတဲ့ ရေသတ္တဝါပါ အကုန်သေတယ်။ ခပ်လှမ်းလှမ်းမှာရှိတဲ့ ကျွန်းတွေနားက ရွာတွေမှာရှိတဲ့ ကလေးလူကြီးတွေလည်း အဲဒီအချိန်မျိုးမှာ ရေအောက်မှာရှိနေရင် နားအိမ်ကွဲထွက်ပြီး နားပင်းသွားတတ်တယ်။ ထိုင်းနိုင်ငံနဲ့နီးတဲ့ ရေပြင်တစ်လျှောက်မှာ မြန်မာ့ပင်လယ်ပြင်ထဲ ဝင်ရောက်ပြီး ငါးဗုံးခွဲတဲ့ လှေတွေရှိပါတယ်။ ဒါကို အမြစ်ပြတ်အောင် အရေးယူသင့်ပါတယ်” ဟု တံငါလုပ်ငန်း လုပ်ကိုင်သူ မြိတ်ဒေသခံတစ်ဦးက ပြောကြားသည်။
မြိတ်ကျွန်းစုအတွင်း ငါးဗုံးခွဲလှေဖမ်းဆီးရမိမှုမှာ နှစ်လအတွင်း သုံးကြိမ်ရှိပြီဖြစ်ပြီး ဖမ်းဆီးရမိခြင်းမရှိဘဲ လွတ်မြောက်သွားသည့် လှေများလည်းရှိကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းကလည်း မြန်မာ့ရေတပ်မှ လင်းရှုးကျွန်း အနောက်တောင်ဘက် ၁ ဒသမ ၇ မိုင်အကွာတွင် လှေသားလေးဦး လိုက်ပါလာသည့် မြန်မာငါးမိုင်းခွဲလှေ တစ်စင်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရပြီး အဆိုပါလှေမှာ မကျုံဂလက်ကျေးရွာမှ ဦးကျော်မိုးအောင် ပိုင်ဆိုင်ပြီး လှေပိုင်ရှင်အား စစ်ဆေးချက်အရ ငါးဗုံးခွဲခြင်းကို ၂၀၁၃ ခုနှစ်ကတည်းက အရှေ့စူလာကျွန်းနှင့် အနောက်စူလာကျွန်းတစ်ဝိုက်၌ စစ်ရေယာဉ်များ အလစ်တွင် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်တွင် ကမ်းတက်ရေယာဉ် ၄၂၅ ၏ ဖမ်းဆီးမှုကိုခံရပြီး ထောင်ဒဏ် နှစ်နှစ်ကျခံခဲ့ရကာ ၂၀၁၄ ခုနှစ်အတွင်း ပြန်လည်လွတ်မြောက်လာပြီးနောက် ငါးမိုင်းခွဲခြင်းကို ထပ်မံလုပ်ကိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဧပြီ ၁၅ ရက်တွင် ငါးမိုင်းခွဲရာမှ ရရှိလာသော ငါးများကို ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ပါခေါင်ရပ်ကွက်ရှိ ထိုင်းလူမျိုး ကိုစိပိုင်ဆိုင်သော ၉၃၉ ဂိုထောင်သို့ သွားရောက်ရောင်းချခဲ့ကြောင်း သိရသည်။ အဆိုပါဂိုထောင်မှပင် ငါးမိုင်းခွဲရာ၌ အသုံးပြုသည့် ပုလဲဓာတ်မြေသြဇာ ၁၀ အိတ်၊ ယမ်းပြင်း ၂၀ တောင့်နှင့် ဝါယာကြိုးများအား ပြန်လည်ဝယ်ယူခဲ့ကြောင်း၊ ဧပြီ ၁၉ ရက်တွင် ရနောင်းမြို့မှ မကျုံဂလက်ကျေးရွာသို့ ပြန်ရာ၌ ဆလုံကျွန်းအနောက်ဘက် ညောင်ဝီးကျွန်း အနောက်ဘက် ရေလမ်းကြောင်းမှ ဝင်ရောက်လာစဉ် ဗိုလ်ကြီးဉာဏ်ထက် ဦးစီးသည့် ကမ်းတက်ရေယာဉ် ၄၂၄ ၏ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။
“မြိတ်ကို ဧပြီ ၂၁ ရက်မှာ ရောက်ပါတယ်။ အမှုတွဲကို မြိတ်မြို့မရဲစခန်းကို လွှဲပြောင်းပေးလိုက်ပါတယ်။ တရားရုံးတင်ပြီး ဥပဒေအရ အရေးယူဆောင်ရွက် သွားမှာပါ” ဟု ရေတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ငါးမိုင်းခွဲလှေဖမ်းဆီးရမိမှုမှာ နှစ်လအတွင်း သုံးကြိမ်မြောက်ဖြစ်ပြီး မြိတ်ကျွန်းစုအတွင်း ငါးမိုင်းခွဲလှေများအား တွေ့ရှိပါက ပစ်မိန့်ပေးထားကြောင်း သိရသည်။
 

Most Read

Most Recent