တရုတ်သံရုံးရှေ့ ဆန္ဒပြရာတွင် ပါဝင်သဖြင့် တရားစွဲခံထားရသော ကိုနေမျိုးဇင်ပါ ခြောက်ဦးဘက်မှ ခေါ်ယူလိုသော သက်သေစာရင်းအား တရားရုံးကပယ်ချ

တရုတ်သံရုံးရှေ့ ဆန္ဒပြရာတွင် ပါဝင်သဖြင့် တရားစွဲခံထားရသော ကိုနေမျိုးဇင်ပါ ခြောက်ဦးဘက်မှ ခေါ်ယူလိုသော သက်သေစာရင်းအား တရားရုံးကပယ်ချ
Published 23 April 2015
မြင့်သူ

လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးမှုနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ကိုနေမျိုးဇင်ပါ ခြောက်ဦးအား ဒဂုံတရားရုံးက ဧပြီ ၂၃ ရက်တွင် ၁၅ ကြိမ်မြောက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ထိုနေ့ရုံးချိန်းတွင် ယခင် ၁၃ ကြိမ် မြောက်ရုံးချိန်းက ကိုနေမျိုးဇင်ပါ ခြောက်ဦးတို့ဘက်မှ ခေါ်ယူလိုသည့် သက်သေစာရင်း တင်သွင်းထားသည့်အပေါ် တရားရုံးအနေဖြင့် ခေါ်ယူပေးသင့် မပေးသင့် တရားရုံးမှ ကြားဖြတ်အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။
ကိုနေမျိုးဇင်ပါ ခြောက်ဦးမှ ခေါ်ယူလိုသည့် သက်သေများမှာ ဆန္ဒပြပွဲ ဖြစ်ပွားစဉ်က မျက်မြင်တွေ့ရှိခဲ့သူများ မဟုတ်သည့်အပြင် သက်သေခေါ်ယူရန် မသင့်သောကြောင့်လည်းကောင်း၊ ၎င်းတို့ခေါ်ယူသော သက်သေများ၏ စာရင်းမှာ များလွန်းသဖြင့် အမှုအား ကြန့်ကြာစေရန် ပြုလုပ်သည်ဟု ယူဆနိုင်သဖြင့် ၎င်းတို့ တင်သွင်းထားသော သက်သေများအား တရားရုံးမှ ငြင်းပယ်လိုက်ပြီး ခေါ်ယူလိုသော သက်သေများအား ရုံးတော်သို့ ကိုယ်တိုင်ခေါ်ယူ လာနိုင်ပါက လက်ခံစစ်ဆေး သွားမည်ဖြစ်သည်ဟု တရားသူကြီးက ကြားဖြတ်အမိန့် ချမှတ်ခဲ့သည်။
“ကျွန်တော်တို့ တင်သွင်းထားတဲ့ သက်သေစာရင်းကို တရားရုံးက ပယ်ချလိုက်တယ်။ တရားသူကြီးက ကျွန်တော်တို့ ခေါ်ယူလိုတဲ့ သက်သေကို ကိုယ်တိုင်ခေါ်လာနိုင်မယ် ဆိုရင်တော့ စစ်ဆေးပေးမယ်လို့ပြောတယ်။ ကျွန်တော်တို့က ထောင်ထဲရောက်နေတော့ ဘယ်လိုမှ ခေါ်လာနိုင်မှာ မဟုတ်တဲ့အတွက် သက်သေမခေါ်တော့ဘူး။ နောက်ရုံးချိန်းမှာပဲ ကိုယ်ပိုင်လျှောက်လဲချက် အနေနဲ့ပဲ ကျွန်တော်တို့ကို စွဲဆိုထားတဲ့ပုဒ်မတွေ ကျွန်တော်တို့ အပြစ်မရှိကြောင်း လျှောက်လဲချက် ပေးသွားမှာပါ” ဟု တရားစွဲခံထားရသော ကိုနေမျိုးဇင်ပါ ခြောက်ဦးက ဧပြီ ၂၃ ရက် ရုံးချိန်းအပြီး ပြောကြားသည်။
ကိုနေမျိုးဇင်ပါ ခြောက်ဦးဘက်မှ ခေါ်ယူလိုသော သက်သေများစာရင်းကို တင်သွင်းရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး စသည်ဖြင့် သက်သေ ၃၀ ကျော်အား တင်သွင်းခဲ့ခြင်းဖြစ်သည်။
တရားရုံးက ယခုကဲ့သို့ သက်သေစာရင်းအား ငြင်းပယ်ခဲ့ပြီး ဧပြီ ၃၀ ရက်သို့ ရုံးချိန်းပြန်လည်ချိန်းဆိုကာ ကိုနေမျိုးဇင်ပါ ခြောက်ဦးဘက်မှ ကိုယ်ပိုင်လျှောက်လဲချက် တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
                               
 

Most Read

Most Recent