ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုလမ်းလျှောက်ပွဲ ပြုလုပ်ခဲ့သည့် ခေါင်းဆောင်အား ကြည့်မြင်တိုင်တရားရုံးက ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်လချမှတ်

ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုလမ်းလျှောက်ပွဲ ပြုလုပ်ခဲ့သည့် ခေါင်းဆောင်အား ကြည့်မြင်တိုင်တရားရုံးက ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်လချမှတ်
Published 23 April 2015
မြင့်သူ

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုသည့်အနေဖြင့် မြို့ နယ်ခြောက်မြို့နယ်ကို ဖြတ်သန်းကာ လမ်း လျှောက်ပွဲပြုလုပ်ခဲ့သည့် ခေါင်းဆောင် ကိုဝင်းထိုက်ဟိန်းအား ကြည့်မြင်တိုင်တရားရုံးမှ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ဧပြီ ၂၃ ရက်က အလုပ်နှင့်ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ကြောင်း သိရသည်။
ဧပြီ ၂၃ ရက်တွင် ကြည့်မြင်တိုင်မြို့ နယ်တရားသူကြီးက ယခုအမှုတွင် တရားလိုများ၊ သက်သေများနှင့် ကျူးလွန်ခဲ့သူများ ကိုစစ်ဆေးခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ ကိုဝင်းထိုက်ဟိန်းသည် ကြည့်မြင်တိုင် မြို့နယ်ရှိ ပညာဒါနအခမဲ့ကျောင်းမှ ကျောင်းသားကျောင်းသူများအား ဦးဆောင်ကာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အတွက် လမ်းလျှောက်ပွဲပြုလုပ်ရန် ခွင့်ပြုချက်တင်ရာတွင် သက်ဆိုင်ရာမှ တာမွေမြို့နယ်ရှိ ဟစ်တိုင်တွင် ပြုလုပ်ရန် ခွင့်ပြုပေးခဲ့သော်လည်း ကိုဝင်းထိုက်ဟိန်းမှာ လိုက်နာခြင်းမရှိဘဲ ကြည့်မြင်တိုင်မြို့နယ်အတွင်း လှည့်လည်ခဲ့သဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပြစ်မှုပုဒ်မ ၁၉ အရ ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့်ထောင် တစ်လကျခံစေဟု အမိန့်ချမှတ်ခဲ့သည်။
“ကျွန်တော်က ဒီအမှုမှာ ခွင့်ပြုချက်ကျတုန်းက ကျွန်တော်တင်တဲ့နေရာ မဟုတ်တဲ့အတွက် လက်မခံဘူးလို့ လက်မှတ်ရေးထိုးပြီးတော့ ခွင့်ပြုအမိန့်စာကို ပြန်ပေးလိုက်တယ်။ နောက်ပြီး ကျွန်တော်လျှောက်လဲချက် တင်တုန်းကလည်း ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အတွက် ဂုဏ်ပြုလမ်းလျှောက် ခဲ့တာဖြစ်လို့ တရားမျှတစွာနဲ့ အလေးအနက်ထားပြီး အမိန့်ချမှတ်ပေးဖို့လည်း လျှောက်လဲချက်တင်ခဲ့တယ်။ ကျွန်တော်က ဒီရုံးမှာ လွတ်မယ်ထင်ထားတာ။ အခုအလုပ်နဲ့ ထောင်ဒဏ်တစ်လ ချမှတ်လိုက်ပါတယ်။ ဒီလိုဖြစ်သွားခဲ့တဲ့အတွက် ကျွန်တော်သိလိုက်တာက တရားဥပဒေက နိုင်ငံသားတွေ၊ ပြည်သူတွေဘက်မှာ မရှိဘူး။ အာဏာရှင်တွေဘက်မှာပဲ ရပ်တည်နေတယ် ဆိုတာကို တွေ့ခဲ့ရတယ်” ဟု ကိုဝင်းထိုက်ဟိန်းက အမိန့်ချမှတ်ခံရအပြီးတွင် ပြောကြားသွားသည်။
ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ  ၈ ရက်က ကြည့်မြင်တိုင်မြို့နယ်ရှိ ပညာဒါန အခမဲ့ကျောင်းမှ ကျောင်းသားများနှင့် အခြားသောမြို့နယ်များရှိ ပညာဒါနအခမဲ့ ကျောင်းများမှ ကျောင်းသားမျာ းအပါအဝင် လူဦးရေ ၆၀ ခန့်ကို ကိုဝင်းထိုက်ဟိန်းက ဦးဆောင်ကာ ကြည့်မြင်တိုင်မြို့နယ်မှ ကျောက်တံတားမြို့နယ်အထိ ငြိမ်းချမ်းစွာ လမ်းလျှောက်ဂုဏ်ပြု ခဲ့ကြခြင်းကြောင့် ကိုဝင်းထိုက်ဟိန်းအား ကြည့်မြင်တိုင်မြို့နယ်၊ အလုံ၊ လသာ၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကျောက်တံတားမြို့နယ်တို့မှ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းသို့လမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ခြင်းကြောင့် မြို့နယ်ခြောက်မြို့နယ်မှ တရားစွဲဆိုခြင်း ခံထားရသော ကိုဝင်းထိုက်ဟိန်းအား  ဖေဖော်ဝါရီ ၆ ရက်တွင် လသာတရားရုံးမှ ပုဒ်မ ၁၉ အတွက် အလုပ်နှင့်ထောင်တစ်လ ချမှတ်ခံခဲ့ရပြီး မတ် ၁၀ ရက်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။
ယင်းနောက် ယခုကဲ့သို့  ကြည့်မြင်တိုင် တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်တစ်လ ထပ်မံအမိန့်ချမှတ်ခဲ့ကာ ကျန်ရှိနေသော အလုံ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်တရားရုံးတို့မှ ဆက်လက်ရုံးထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
           

Most Read

Most Recent