ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုတွင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုပါဝင်ခဲ့သူ ဒေါက်တာအေးမောင်နှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံဆွေးနွေးခဲ့ခြင်း မရှိကြောင်း SNLD ထုတ်ပြန်

ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုတွင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုပါဝင်ခဲ့သူ ဒေါက်တာအေးမောင်နှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံဆွေးနွေးခဲ့ခြင်း မရှိကြောင်း SNLD ထုတ်ပြန်
Published 23 April 2015

ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုတွင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်စားပြုသူတစ်ဦးအဖြစ် ပါဝင်ခဲ့သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံဆွေးနွေးခဲ့ခြင်း မရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ဧပြီ ၂၂ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။အဆိုပါ ကြေညာချက်၌ ၂၀၁၅ ခုနှစ် ဧပြီ ၂၀ ရက် ရက်စွဲဖြင့် ဧရာဝတီသတင်းဌာနနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့၏ တွေ့ဆုံမေးမြန်းချက်များကို ဧရာဝတီသတင်းဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားခဲ့ကြောင်း၊ အဆိုပါ တွေ့ဆုံခန်းတွင် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲနှင့် ပတ်သက်၍ ဒေါက်တာအေးမောင်က ဖြေကြားရာတွင် တွေ့ဆုံဆွေးနွေးပွဲနောက်ပိုင်း ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်ပြီး တိုင်းရင်းသားများအား ရှင်းပြပြီးသွားပါပြီဟူ၍ ဖြေကြားခဲ့ကြောင်း တွေ့ရှိရကြောင်း ဖော်ပြထားသည်။ထို့ပြင် agree ဖြစ်ပြီးသား စကားလုံးတွေကိုပဲ ပြောခဲ့တာပါဟူ၍ ဖြေကြားခဲ့ကြောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဒေါက်တာအေးမောင်နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ကြောင်း၊ ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲသို့ တက်ရောက်စဉ်ကလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြုတက်ရောက်ခဲ့ခြင်း မဟုတ်ကြောင်း၊ ဆွေးနွေးပွဲပြီး ပြန်လည်ရှင်းလင်းပြသည်ဟု ဆိုရာတွင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အား ရှင်းပြခြင်း လုံးဝမရှိခဲ့ကြောင်း ကြေညာချက်တွင် ပါရှိသည်။ထို့ကြောင့် agree ဖြစ်ပြီးသား စကားလုံးများဆိုသည့် အချက်နှင့်ပတ်သက်၍ မိမိတို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ပါတီဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဟုဆိုကာ ၂၀၁၀ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ ၂၀၁၂ ခုနှစ်မှသာ ပါတီမှတ်ပုံတင် ပြန်လည်ရယူခဲ့သော ပါတီဖြစ်ပြီး ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ထားခြင်း မရှိသေးသော်လည်း လွှတ်တော်တွင်းရောက်ရှိနေသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေးဦးတို့သည် SNLD သို့ ပါတီပြောင်းရွှေ့လာသောကြောင့် အလိုအလျောက် လွှတ်တော်တွင်း၌ ပါဝင်သည့် ပါတီတစ်ခု ဖြစ်လာသည်။ယခုကိစ္စနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှု မရှိခဲ့ပေ။ 

Most Read

Most Recent