ပြည်ထောင်စုလွှတ်တော်မှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေအား အချိန်မီပြင်ဆင် ပြဋ္ဌာန်းမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် ဆောင်ရွက်နိုင်မည်ဟု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ပြောကြား

ပြည်ထောင်စုလွှတ်တော်မှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေအား အချိန်မီပြင်ဆင် ပြဋ္ဌာန်းမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် ဆောင်ရွက်နိုင်မည်ဟု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ပြောကြား
Published 22 April 2015
ကျော်ဇင်ဝင်း

ပြည်ထောင်စုလွှတ်တော်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေအား အချိန်မီပြင်ဆင် ပြဋ္ဌာန်းမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကို မေလတွင် ကျင်းပနိုင်ခြင်း မရှိဘဲ နောက်ဆုတ်သွားပါက ဆန္ဒခံယူပွဲအတွက် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြင်ဆင်ဆောင်ရွက်ချိန်မှာ နည်းပါးလွန်းပြီး အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းတွင် ကျင်းပရန် ခန့်မှန်းထားသည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့်လည်း တိုက်နေသဖြင့် အခက်အခဲများ ဖြစ်ပေါ်လာနိုင်သောကြောင့် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းမှုကို လွှတ်တော်၏ အချိန်မီ ဥပဒေ ပြဋ္ဌာန်းရန်လိုကြောင်း ဦးသောင်းလှိုင်က ပြောကြားခြင်းဖြစ်သည်။“အဲဒါတော့ ကျွန်တော်တို့ဘက်ကတော့ တာဝန်ပေးရင် လုပ်မှာပဲလေ။ အဓိက ကတော့ ဥပဒေပြဋ္ဌာန်းထားတာက လွှတ်တော်ဖြစ်တော့ သူတို့ဘက်က ပြဋ္ဌာန်းမယ်၊ မပြဋ္ဌာန်းမယ် အချိန်မီဖို့ လိုပါမယ်။ ကျွန်တော်တို့ ကော်မရှင်ကတော့ ခုနက ပြောသလိုပေါ့။ သူတို့ဘက်က ပြဋ္ဌာန်းပြီဆိုရင်တော့ ဆောင်ရွက်ပေးမှာပါ။ ကျွန်တော်တို့ကတော့ ပြည်ထောင်စုလွှတ်တော်က အချိန်မီပြဋ္ဌာန်းရင် ကျွန်တော်တို့ကလည်း ဆောင်ရွက်ပေးရမှာပဲ။ သူတို့ဘက်က အရပါပဲ။ ကျွန်တော်တို့ ဘက်ကတော့ ဆောင်ရွက်မယ့် အဖွဲ့အစည်းဆိုတော့ ဥပဒေပြဋ္ဌာန်းပြီးမှပဲ ကျွန်တော်တို့က ဆက်ဆောင်ရွက်တာလေ။ အဓိကကတော့ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းဖို့ပါပဲ” ဟု ဦးသောင်းလှိုင်က ပြောကြားသည်။ထို့ပြင် အကယ်၍သာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအား အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြုလုပ်ပါက မည်သည့်မဲစာရင်းကို အခြေခံ ပြုလုပ်မည်ကို သိရှိလိုကြောင်း မေးမြန်းမှုကိုလည်း လွှတ်တော်၏ ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ဥပဒေပြင်ဆင် ပြဋ္ဌာန်းပြီးချိန်မှသာ ပြောကြားနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။“အဲဒါကတော့ ဥပဒေပြဋ္ဌာန်ပြီးမှ မေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေပြဋ္ဌာန်းပြီးမှ မဲစာရင်းကိစ္စက သွားမှာလေ။ သာမန်အားဖြင့်ကတော့ မဲစာရင်းတို့ ဘာတို့က သိပ်ပြဿနာ မရှိပါဘူး။ ကျွန်တော်တို့လည်း ပရောဂျက်တွေ သွားနေတော့။ မဲစာရင်း ဘာညာက အဲဒီကနေ ကယ်ရီလုပ်ယူလို့ ရပါတယ်။ အဓိက ကတော့ ဥပဒေပြဋ္ဌာန်းပြီးမှ ကျွန်တော်တို့ ဆောင်ရွက်လို့ ရပါမယ်” ဟု ဦးသောင်းလှိုင်က ပြောကြားသည်။ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို လာမည့်မေလအတွင်း ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အချိန်ဇယား သတ်မှတ်ပေးထားသော်လည်း လက်ရှိအခြေအနေတွင် အတည်ပြုပြီးဖြစ်သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေအရ ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့သဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေအား ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်နေသောကြောင့် မေလတွင် ကျင်းပမည့် ဆန္ဒခံယူပွဲမှာလည်း ကျင်းပနိုင်ခြေ မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ထားသည်။ထို့အတူ သင်္ကြန်ကာလ ရုံးပိတ်ရက်များဖြင့် ခေတ္တရပ်နားထားသည့် (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများအား မေလ၌ ပြန်လည်ကျင်းပချိန်မှသာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းမည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားထားသည်။

Most Read

Most Recent