လူများတွင် အဆိပ်ဖြစ်စေသည့် မီသိုင်းအယ်လ်ကိုဟော အရက်ပြန်တစ်မျိုးကို ကျေးလက်အချို့နှင့် မြို့ဆင်ခြေဖုံးနေရာများရှိ အရက်ချက်နေရာများတွင် အသုံးပြုနေဟုဆို

လူများတွင် အဆိပ်ဖြစ်စေသည့် မီသိုင်းအယ်လ်ကိုဟော အရက်ပြန်တစ်မျိုးကို ကျေးလက်အချို့နှင့် မြို့ဆင်ခြေဖုံးနေရာများရှိ အရက်ချက်နေရာများတွင် အသုံးပြုနေဟုဆို
Published 22 April 2015
အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်

လူများတွင် အဆိပ်ဖြစ်စေသည့် မီသိုင်းအယ်လ်ကိုဟော (Methyl Alcohol) အရက်ပြန်တစ်မျိုးကို အရက်ချက်ရာတွင် ထည့်သွင်းအသုံးပြုမှုများ ရှိနေပြီး အရက်ပုလင်း အရေအတွက် ပိုမိုထွက်စေရန်နှင့် အနံ့အရသာ ပိုမိုကောင်းမွန်စေရန်ဟုဆိုကာ အချို့သော ကျေးလက်နှင့်မြို့ဆင်ခြေဖုံးနေရာများရှိ အရက်ချက်နေရာများတွင် အသုံးပြုနေကြောင်း “အရက်ယမကာသုံးစွဲမှု ထိန်းချုပ်ရေးမူဝါဒနှင့် မဟာဗျူဟာများရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ” တွင် ဖြန့်ဝေခဲ့သည့် အချက်အလက်များအရ သိရသည်။ 
 
မီသိုင်း အယ်လ်ကိုဟောဆိုသည်မှာ  စက်မှုနှင့်ဆေးရုံလုပ်ငန်းသုံးပစ္စည်းအဖြစ် အသုံးပြုသည့် အရက်ပြန်တစ်မျိုးဖြစ်ရာ လူအတွက် အဆိပ်ဖြစ်စေသည့် အရက်ပြန်တစ်မျိုးဖြစ်ပြီး မီသိုင်းအယ်လ်ကိုဟောသည်  လူများသောက်ရန်အတွက် အရက်များ ချက်လုပ်သန့်စင်ရာတွင် ဖယ်ထုတ်ပစ်ရသည့် အရက်ပြန်တစ်မျိုးဖြစ်ကြောင်း၊ အဆိုပါ အယ်လ်ကိုဟောသည် ကျောက်မီးသွေး၊ ရေနံဓာတ်ငွေ့များမှ စက်မှုသုံး ဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ရာတွင် အမြောက်အမြား ထုတ်လုပ်နိုင်သည့်အတွက် အရက်ချက်ရာတွင်လည်း ပုလင်းရေ အမြောက်အမြားရရှိနိုင်ရန် လူအများသောက်သုံးမည့်အရက်တွင် အသုံးပြုရသည့် အီသိုင်းအယ်လ်ကိုဟောအစား ဈေးပေါပြီး အဆိပ်ဖြစ်စေသည့် မီသိုင်းအယ်လ်ကိုဟောကို ရောစပ်ရောင်းချမှုများ ရှိနေကြောင်း သိရသည်။
 
မီသိုင်းအယ်လ်ကိုဟော ရောနှောပါရှိသည့် အရက်ကို သောက်သုံးမိသူများအနေဖြင့် အဆိပ်သင့်ကာ မျက်စိကန်းခြင်း၊ အသည်းထိခိုက်ခြင်းတို့အပြင် အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ကြောင်း၊ အချို့သော ကျေးလက်နှင့် မြို့ပြ ဆင်ခြေဖုံးများတွင် တောအရက်ချက်ရာ၌ အရက်ပုလင်းပိုများစေရန်နှင့် အနံ့အရသာ ကောင်းမွန်စေရန်အတွက် ဓာတ်မြေသြဇာများ၊ သစ်ဥ၊ သစ်မြစ်၊ သစ်ခေါက်များကို ထည့်သွင်းအသုံးပြုမှုများ ရှိသလို လူကို အဆိပ်ဖြစ်စေသည့် မီသိုင်းအယ်လ်ကိုဟော အရက်ပြန်အပါအဝင် အခြား ဓာတုဗေဒပစ္စည်းအများအပြား အသုံးပြုမှုများရှိနေကြောင်း၊ ယင်းဓာတုပစ္စည်း အများအပြားပါဝင်သည့်အရက်ကို သောက်သုံးမိသူများသည် သောက်သုံးမိပြီး ခဏအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ရင်ပူခြင်း၊ နေမထိထိုင်မသာဖြစ်ရာမှ အိပ်ပျော်သွားတတ်ပြီး သတိမေ့မြောသွားသည်အထိ ဖြစ်တတ်ကာ အချိန်မီမကုသပါက အသက်ဆုံးရှုံးမှုများကိုပင် ဖြစ်စေကြောင်း သိရသည်။
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ ကမ္ဘာ့လူဦးရေ သန်းနှစ်ထောင်ကျော်သည် အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးကြကြောင်း၊ သန်း ၈၀ နီးပါးသည် အရက်၊ ယမကာကြောင့်ဖြစ်သည့် နာမကျန်းမှုများ ဖြစ်နေကြောင်းနှင့် အသက် ၁၅ နှစ်အထက် လူတစ်ဦးသည် တစ်နှစ်လျှင် အရက် ၆ ဒသမ ၂ လီတာ သောက်ပြီး အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးသူများထဲမှ ၂၅ ရာခိုင်နှုန်းသည် တရားမဝင်ရောင်းချသော အရက်ကို သောက်သုံးနေကြကြောင်း သိရသည်။ 
 
အရက်မသောက်ရ မနေနိုင်သည့် အရက်စွဲရောဂါရှိသူများအပါအဝင် အရက်ကို စွဲစွဲမြဲမြဲ သောက်သူများသည်  အရက်ကြောင့် အစားဝင်သည့်လမ်းကြောင်း အာခံတွင်းမှစ၍ အစာမျိုသည့် ပြွန်၊ အစာအိမ် ၊ အူသိမ်၊ အူမမှ အသည်း၊ ကစီအိမ် (ပန်ကရိယ)၊ ကျောက်ကပ်စသည့် အရေးကြီးအစိတ်အပိုင်းများကို  အရက်၏ အဆိပ်ကြောင့် ပျက်စီးစေကြောင်း၊ ထိုအင်္ဂါအစိတ်အပိုင်းများသာမက ဦးနှောက်နှင့် အာရုံကြောများကိုပါ ထိခိုက်စေကြောင်း သိရသည်။
 
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်းရရှိ ထားသည့်အချက်အလက်များအရ တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ တွင် လက်လီ/လက်ကား အရက်ဆိုင်ပေါင်း ၄၁၂၁၀ ခန့် ရှိပြီး သိပ္ပံနည်းကျ ထုတ်လုပ်သည့်စက်ရုံ ၇၃ ရုံ၊ ဘီယာစက်ရုံလေးရုံ၊ ဝိုင်ထုတ်လုပ်သည့် စက်ရုံ ၄၀၊ တောအရက်ချက်လုပ်ငန်း ၄၁၀  နှင့် အရက်များကို ပြန်လည်ပြုပြင်ပြီး ဖြန့်ဖြူးသည့် ဆိုင်ပေါင်း ၂၂၈ ဆိုင်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘီယာယစ်မျိုးနှင့် အခွန်ဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။  

Most Read

Most Recent