လောက်ကိုင်ဒေသတိုက်ပွဲများကြောင့် လားရှိုးမြို့တွင် လာရောက်တိမ်းရှောင်နေသည့် ဒေသခံများ လောက်ကိုင်မြို့သို့ ပြန်လည်ထွက်ခွာ

လောက်ကိုင်ဒေသတိုက်ပွဲများကြောင့် လားရှိုးမြို့တွင် လာရောက်တိမ်းရှောင်နေသည့် ဒေသခံများ လောက်ကိုင်မြို့သို့ ပြန်လည်ထွက်ခွာ
Published 22 April 2015
ထွန်းနေလှိုင်(နောင်ပိန်)

လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတွင် လာရောက်ခိုလှုံနေသော လောက်ကိုင်ဒေသခံများ လောက်ကိုင်မြို့၌ ပြန်လည်အခြေချနေထိုင်ရန် ဧပြီ ၂၁ ရက်က ပြန်လည်ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း သိရသည်။
 
လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတွင် လာရောက်ခိုလှုံနေထိုင်နေသော အိမ်ထောင်စု ၇၄စုမှ မိသားစုဝင်ပေါင်း ၂၃၄ ဦးအား မော်တော်ယာဉ်ကြီး ငါးစီးဖြင့် လောက်ကိုင်မြို့သို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
“ဒီနေ့ လောက်ကိုင်ပြန်တဲ့အဖွဲ့တွေကို လောလောဆယ် အ.ထ.က(၁) မှာ ယာယီထားပါမယ်။ နောက်တော့ မိုးကာတဲတွေနဲ့ သူ့တဲနဲ့သူ ထားပါမယ်။ အိမ်ရှိတဲ့သူတွေကလည်း သူ့အိမ်သူပြန်လို့ရအောင် စီစဉ်ပေးသွားပါမယ်” ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းက ပြောကြားသည်။
 
အဆိုပါ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် လာရောက်ခိုလှုံနေသော လောက်ကိုင်ဒေသခံများမှာ လောက်ကိုင်ဒေသတွင်းတိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလအတွင်းမှ စတင်၍ ဧပြီ ၂၁ ရက်အထိ နှစ်လကျော်ကြာ နေထိုင်ခဲ့ကြရကြောင်း သိရသည်။
 
“လောက်ကိုင်ကို ပြန်ရတော့မယ်ဆိုတော့ ပျော်ပါတယ်။ ဒါပေမဲ့ လောက်ကိုင်က ကျွန်မတို့နေတဲ့ အိမ်တွေ၊ တိုက်ခန်းတွေတော့ အဖောက်ခံထားရတယ် ပြောတယ်။ တချို့ဆိုရင် မီးလောင်သွားတယ်တဲ့။ ဒါပေမဲ့ လောက်ကိုင်ကို ပြန်ရောက်လို့ အရင်လိုအခြေအနေတွေ ပြန်ကောင်းရင် ဘာပဲလုပ်ကိုင်စားရ စားရ လုပ်စားနိုင်ပါတယ်။ ဒီလို ကူညီ စောင့်ရှောက်ပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်”ဟု လောက်ကိုင်မြို့သို့ပြန်မည့် မထုရှန်က ပြောကြားသည်။
 
လောက်ကိုင်မြို့သို့ ပြန်ကြမည့် တိုက်ပွဲရှောင်သူများသည် သက်ဆိုင်ရာမှ စီစဉ်ပေးထားသောကားများနှင့် ပြန်ကြသကဲ့သို့ မိမိတို့၏ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ကားများနှင့်လည်း အတူပြန်ကြပြီဖြစ်ကြောင်း၊ နှစ်လကျော်ကာလအတွင်း မြန်မာနိုင်ငံ ဒေသအသီးသီးမှ နေရပ်ပြန်သူများအား လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်မှတစ်ဆင့် ၎င်းနေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သူ ၂၄၂၀၀ ဦးအား ယာဉ်စီးပေါင်း ၈၅၀ ဖြင့် နေရပ်ပြန်ရန် စီစဉ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent