မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ပြည်တွင်းသုံးအတွက် ကုဗမီတာ သန်း ၂၀၀၀ ခွဲတမ်းရရှိထားသော်လည်း ပြည်တွင်းအနေဖြင့် ၁၀ ရာခိုင်နှုန်းသာ ဝယ်ယူအသုံးပြုမှုရှိ

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ပြည်တွင်းသုံးအတွက် ကုဗမီတာ သန်း ၂၀၀၀ ခွဲတမ်းရရှိထားသော်လည်း ပြည်တွင်းအနေဖြင့် ၁၀ ရာခိုင်နှုန်းသာ ဝယ်ယူအသုံးပြုမှုရှိ
Published 22 April 2015
နီလာ

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ပြည်တွင်းသုံးအတွက် ကုဗမီတာ သန်း ၂၀၀၀ ခွဲတမ်း ရရှိထားသော်လည်း ပြည်တွင်းအနေဖြင့် ၁၀ ရာခိုင်နှုန်းသာ ဝယ်ယူအသုံးပြုမှုရှိကြောင်း  မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို တာဝန်ယူ လည်ပတ်ဆောင်ရွက်နေသည့် SEAGP မှ သိရသည်။
 
“ပြည်တွင်းသုံးအတွက် ခွဲတမ်းစခန်းလေးခုကနေ ကုဗမီတာ သန်း ၂၀၀ စတင် ဖြန့်ဖြူးနေပါပြီ။ ပြည်တွင်းက ထပ်ပြီးဝယ်ရင် ထပ်ပြီးဖြန့်ဖြူးပေးသွားမှာပါ” ဟု SEAGP မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
“အခုအချိန်အထိ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ မြန်မာပြည်အတွက် သဘာဝဓာတ်ငွေ့ ကုဗမီတာ သန်း ၂၀၀ ခွဲတမ်းပို့ပေးထားပါတယ်။ ဒေသအတွက်ပါ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးပြီး စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရဲ့ အာမခံခြင်းလည်း ဖြစ်လာပါတယ်။ နောင်မှာ သဘာဝဓာတ်ငွေ့ခွဲတမ်းပို့ပေးနှုန်းကို ဒီထက်မက တိုးလာပါမယ်” ဟု SEAGP  မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
ပိုက်လိုင်းအရှည်စုစုပေါင်း ၇၉၃ကီလို မီတာရှိသည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားခြင်း ဖြစ်သည်။
 
အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ၂၀၁၃ ခုနှစ် ဇွန်လပိုင်းတွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် ခွဲတမ်းကို ကျောက်ဖြူ၊ မန္တလေး၊ ရေနံချောင်း နှင့် တောင်သာခွဲတမ်းစခန်းတို့မှ ပေးပို့သွားမည်ဖြစ်သည်။ အဆိုပါ ခွဲတမ်းစခန်းလေးခု အနက် ကျောက်ဖြူ၊  မန္တလေး၊ ရေနံချောင်းခွဲ တမ်းစခန်းတို့မှ ၂၀၁၄ ခုနှစ်အတွင်းက စတင်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း SEAGP  မှ သိရသည်။
 
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ တောင်သာခွဲတမ်းစခန်းကို ယခုနှစ် သင်္ကြန်မတိုင်မီကာလက သဘာဝဓာတ်ငွေ့ စတင်တရားဝင်ပို့လွှတ်ခဲ့ကြောင်း၊ ယခုအချိန်အထိ သဘောတူစာချုပ်အရ  အဆိုပါပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ခွဲတမ်းစခန်းလေးခုစလုံး စတင်လည်ပတ် အသုံးပြုနေကြောင်း SEAGP  မှသိရသည်။
 
မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ တောင်သာခွဲတမ်းစခန်းသည် မြန်မာနိုင်ငံကို ဓာတ်ငွေ့စတင်ပို့လွှတ်နေ၍ လက်ရှိအချိန်တွင် မြင်းခြံလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ အဓိကပို့ပေးနေကြောင်း သိရသည်။
 
တောင်သာခွဲတမ်းစခန်းသည် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ အလယ်ပိုင်းတွင် တည်ရှိ၍ တောင်သာမှ မြင်းခြံအထိ သွယ်တန်းသည့် ပိုက်လိုင်းအရှည် မှာ ၂၁ ကီလိုမီတာဖြစ်ကြောင်း သိရသည်။
 
မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြင့်  တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ကုဗမီတာ ၁၂ ဘီလျံ ပို့ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ကနဦးကာလပိုင်းတွင် တစ်နှစ်လျှင် ကုဗမီတာ ၅ ဒသမ၂ ဘီလျံ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent