အင်းလေးကန်တွင် ရေခန်းခြောက်မှုကြောင့် အင်းလေးဖောင်တော်ဦးဘုရားအနီးတစ်ဝိုက် စက်လှေများ သွားလာ၍မရလောက်အောင်ကြုံတွေ့နေ

အင်းလေးကန်တွင် ရေခန်းခြောက်မှုကြောင့် အင်းလေးဖောင်တော်ဦးဘုရားအနီးတစ်ဝိုက် စက်လှေများ သွားလာ၍မရလောက်အောင်ကြုံတွေ့နေ
Published 21 April 2015
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်တွင် ဧပြီလအတွင်း ရေခန်းခြောက်မှုပြဿနာနှင့် ကြုံတွေ့နေရသောကြောင့် ကန်အတွင်း သောက်သုံးရေးရှားပါးခြင်း၊ သွားလာမှုခက်ခဲခြင်းများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။အင်းလေးဖောင်တော်ဦးဘုရားအနီးနားတစ်ဝိုက်တွင် စက်လှေများသွားလာ၍မရတော့လောက်အောင် ရေခြောက်ခန်းမှုနှင့်ကြုံတွေ့နေရပြီး ယခင်က ထိုနေရာတွင် တိုင်လုံးများအထိ ရေနစ်မြုပ်လျက်ရှိကြောင်း စက်လှေသမားများကဆိုသည်။"အရင်တုန်းက ဒီမိုင်းသောက်လှေဆိပ်ကမ်းနားထိ ရေတွေရောက်တယ်။ အခုတော့ ရေတွေခန်းသွားပြီ။ နုန်းတွေဖြစ်ပြီး စက်လှေသွားလို့မရတော့ဘူး။ ဒီမှာ နန်းပန်ရယ်၊ မိုင်းသောက်ရယ်၊ ညောင်ရွှေဘက်ရယ်၊ ခေါင်တိုင်ဘက်ရယ် လှေဆိပ်လေးခုရှိတယ်။ ဒီ မိုင်းသောက်လှေဆိပ်ကနေ ခရီးသည်တွေကို ချောချောမောမော စက်လှေခသက်သက်သာသာနဲ့ ပို့ဆောင်ပေးနေပါတယ်။ ယာဉ်ထားဖို့နေရာတွေလည်း စီစဉ်ပေးပါတယ်" ဟု လှေဆိပ်မှ ကိုစိုးဝင်းကပြောကြားသည်။

အင်းလေးကန်တွင်းတစ်နေရာ၌ လှေများသွားလာ၍မရအောင် ရေခန်းခြောက်နေသည်ကို တွေ့ရစဉ်"ရေခန်းတာတစ်လကျော်ပြီ၊ ဒီမှာက များသောအားဖြင့် သောက်ရေသန့်ပဲသုံးတယ်။ ကန်လည်းရှိတယ်။ ကန်လည်းကောသွားတော့ စိတ်မချတော့ သောက်ရေသန့်ပဲသုံးတယ်။ ကန်က ၁၉၃၆ ထဲက သောက်ရေကန်ရှိတယ်။ အခုသုံးလို့မရတော့တာ ဆယ်နှစ်လောက်ရှိသွားပြီ။ သောက်ရေသန့်တစ်ဘူးးကို ၈၀၀ ပေးရတယ်။ တစ်လီတာဘူးသေးတစ်ဘူး ၅၀၀ ပေးရတယ်။ ညောင်ရွှေကနေသယ်လာပြီး ဒီမှာလာရောင်းတယ်။ ခုတော့ နုန်းတွေလာဆယ်နေတယ်။ ဒီနေ့မှလာဆယ်တာ" ဟု ဖောင်တော်ဦးဘုရား အနောက်ဘက်စောင်းတန်းတွင်ဈေးရောင်းသော ဈေးဆိုင်မှ ဦးစံယဉ်ကဆိုသည်။အင်းလေးတွင် သောက်ရေသန့်သောက်သုံးနေသည်မှာ ကြာပြီဖြစ်ပြီး၊ တချို့ကျေးရွာများတွင် အဝီစိတွင်းများတူးထားကြကြောင်း သိရသည်။အင်းလေးကန် စက်လှေလိုင်းပေါင်းစုံဥက္ကဌ ဦးစိုးမြင့်သောင်းအားမေးမြန်းကြည့်ရာ "ရေလယ်ဗိုလ်တဲမှာ အရင်လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က နွေရာသီမှာရှိတဲ့ရေက ၁၈ ပေရှိပေမယ့် အခုတော့ ခြောက်ပေလောက်ပဲကျန်တော့တယ်။ ဖောင်တော်ဦးဘုရားပတ်ပတ်လည်ဆိုရင် ရေတွေခန်းကုန်ပြီ။ အဓိကနှစ်ချက်ကြောင့်ပေါ့ သစ်တောတွေမရှိတော့တာရယ်၊ နုန်းတားဆည်တွေမရှိတာရယ်ပေါ့။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ဇီးရိုးမှတ်နေရာမှာ ရှစ်ပေကနေ ၁၀ ထိရှိတယ်။ အခုကတော့မရှိတော့ဘူး။ တစ်ပေတောင်မရှိတော့ဘူး။ထိရောက်တဲ့ ထိန်းသိမ်းမှုမလုပ်ဘူး။ လူထုတွေစိတ်ဝင်စားအောင် ခေတ်မီစက်ကိရိယာတွေနဲ့လုပ်ရမှာ ရေရှည်စီမံကိန်းဆိုတာ သိပ်နားမလည်ဘူး။ အင်းလေးရေပြင်က အခု ပန်းကန်ပြားပုံဖြစ်နေတယ်။ တကယ်ဖြစ်ရမှာက ဇလုံပုံစံဖြစ်ရမှာ။ အင်းထဲရောက်နေတဲ့နုန်းတွေကို ခေတ်မီစက်တွေနဲ့ဆယ်မှရမှာ၊ ဆည်မြောင်းကစက်တွေနဲ့ဆယ်လည်း ဘာမှထူးခြားမှာမဟုတ်ဘူး။ ဒီနေ့ဆယ် မနက်ဖြန်ပြန်ပြိုမှာပဲ၊ ရန်ကုန်ကန်တော်ကြီး သိန်းပေါင်းသုံးသောင်းလောက်တန်တဲ့ စက်နဲ့ဆယ်တယ်။ အဲလိုခေတ်မီစက်နဲ့ဆယ်မှ လူထုကစိတ်ဝင်စားပြီး အားလုံးလာပူးပေါင်းကြမှာ။ အခုလိုစက်တွေနဲ့ဆယ်လည်း ရာနဲ့ချီပြီးဆယ်လည်း ဘာမှထူးမှာမဟုတ်ဘူး။

အင်းလေးဖောင်တော်ဦးဘုရား အနောက်ဘက်တွင် စက်လှေများ သွားလာ၍မရအောင် ရေများခန်းခြောက်နေသည်ကို ဧပြီ ၂၁ ရက်က တွေ့ရစဉ်  (ဓာတ်ပုံ-စည်သာ၊ တောင်ကြီး)စကားရွာဘက်ဆင်းတဲ့ရေချောင်းကို သဘာဝအလျောက်ဖြစ်နေတဲ့ ကျောက်နံရံတွေ ရေထိန်းနံရံတွေကိုဖြိုချလိုက်တော့ ဒလဟောဖြစ်ပြီးတော့ အခုတစ်ဖြောင့်တည်းတန်းသွားတယ်။ ရေခန်းတာဒီအချက်လည်းပါတယ်။ အရင်ကရေဆင်းဖို့အတွက် လေးငါးဆယ်ရက်လောက်ကြာတာကို အခုတော့ တစ်ရက်ထဲနဲ့ဆင်းသွားတော့ ရေခန်းသွားတာပေါ့။ ကျွန်တော်ပြောချင်တာက အင်းလေးကန်ဟာ ကမ္ဘာပေါ်မှာ တစ်ခုတည်းသောရှားပါးနေရာလည်းဖြစ်ပါတယ်။ ခြေထောက်နဲ့လှေလှော်တာရယ်။ ရေပေါ်စိုက်ခင်းရယ် ကမ္ဘာပေါ်မှာ ဘယ်မှာမှမရှိပါဘူး။ ပုဂံပြီးရင် အင်းလေးဟာ နိုင်ငံခြားဝင်ငွေအများဆုံးရှာပေးနေတာပါ။ ဒါကြောင့်ထိန်းသိမ်းသင့်ပါတယ်။ ရေရှည်စီမံကိန်းဆိုတာထက် ရေတိုစီမံကိန်း သုံးနှစ်၊ ငါးနှစ်စီမံကိန်းဆို လူထုပိုစိတ်ဝင်စားမယ်။ ဒီပုံစံအတိုင်းသွားမယ်ဆိုရင်တော့ နောက်ငါးနှစ်ဆို အင်းလေးကန်ပျောက်ကွယ်သွားနိုင်ပါတယ်" ဟုဆိုသည်။စက်လှေသမားဦးသိန်းအောင်အားမေးမြန်းကြည့်ရာ "ရာသီဥတုကြောင့်လည်းပါတယ်။ လူတွေစွန့်ပစ်လိုက်တဲ့ အမှိုက်တွေကြောင့်လည်းပါတယ်။ အခု စက်လှေမောင်းရတာ ရေတိမ်နေတော့ အန္တရာယ်ရှိတယ်။ စက်လှေဂိတ်မှာဆိုရင် ရေတိမ်လို့ ရေတွေနီနေတာမြင်ရလိမ့်မယ်။ ဘုရားရောက်ခါနီးရင်လည်း ရေက အရောင်ပြောင်းသွားတယ်။ ရေတိမ်ပိုင်းတွေဆို စက်လှေကို ထိန်းမောင်းနေမှရတယ်။ နောက်တော့ ရေထဲမှာရှိတဲ့ ဗေဒါပင်တွေကိုငြိလိုက်ရင်လည်း တထုတ်ထုတ်နဲ့ စက်ကတုံ့တုံ့သွားတတ်တယ်။ ထိန်းမောင်းရတာပေါ့ဗျာ...။ ဖောင်တော်ဦးဘုရားကနေ အရှေ့ဘက်လမ်းကြားအတိုင်းပတ်သွားရင် အလိုတော်ပေါက်စေတီရောက်တယ်။ အရင်ပတ်သွားလို့ရတယ်။ အခုသွားလို့မရတော့ဘူး။ တချို့ရွာထဲတွေလည်း သွားလို့မရတော့ဘူး" ဟုဆိုသည်။               

Most Read

Most Recent