သောက်သုံးရေရှားပါးနေသည့် ဒလမြို့ရှိ ရပ်ကွက်အချို့သို့ စည်ပင်နှင့် အလှူရှင်အချို့ ရေလှူဒါန်းမှုများရှိလာသော်လည်း အလုံအလောက်မရရှိသေး

သောက်သုံးရေရှားပါးနေသည့် ဒလမြို့ရှိ ရပ်ကွက်အချို့သို့ စည်ပင်နှင့် အလှူရှင်အချို့ ရေလှူဒါန်းမှုများရှိလာသော်လည်း အလုံအလောက်မရရှိသေး
Published 21 April 2015
ဉာဏ်ဝင်းရှိန်၊ ကြည်နိုင်

သောက်သုံးရေရှားပါးနေသည့် ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့ရှိ ရပ်ကွက်အချို့သို့ စည်ပင်နှင့် အလှူရှင်အချို့မှ ရေသယ်ကားများဖြင့် ရေလာရောက်လှူဒါန်းမှုရှိလာသော်လည်း အလုံအလောက်ရရှိနိုင်ခြင်းမရှိသေးကြောင်း ဒေသခံပြည်သူများ၏ပြောကြားချက်အရ သိရသည်။ဧပြီလဆန်းပိုင်းမှစတင်ပြီး ဒလမြို့ရှိ သောက်ရေကန်အချို့မှာ ရေနည်းစပြုလာပြီဖြစ်ကာ ကျန်စစ်သားရပ်ကွက်၊ အပိုင်း (၂)ရှိ အမှတ် (၅) ရေကန်မှာ ရေလုံးဝခန်းခြောက်သွားပြီဖြစ်သဖြင့် ရပ်ကွက်နေသူများ သောက်သုံးရေပြဿနာနှင့် သုံးရေပြဿနာတို့ ရင်ဆိုင်နေရခြင်းဖြစ်သည်။ရန်ကုန်မြို့တစ်ဖက်ကမ်းတွင်ရှိသည့် ဒလမြို့သည် နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှုဒဏ်ကိုကြုံတွေ့နေရပြီး ယမန်နှစ်ကာလက သောက်ရေကန်အများပြားခန်းခြောက်ခဲ့သည့်ပြဿနာကို ရင်ဆိုင်ခဲ့ရသည်။ယခုနှစ်တွင်လည်း ရေကန်များမှာ ရေခမ်းခြောက်စပြုလာပြီဖြစ်ကာ ကန်အချို့ကို ပြန်လည်တူးဖော်နေကြောင်းလည်း သိရသည်။ရေသွားရောက်လှူဒါန်းခဲ့သည့် ရှင်ရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းထွန်းဦးက "ကျွန်တော်တို့ကတော့ လေးရက်တစ်ခါ ငါးရက်တစ်ခါ ၂၀ လီတာရေဘူးကြီးတွေ သွားလှူဖြစ်ပါတယ်။ ဒလမြို့ခံအချို့နဲ့ ကျွန်တော်တို့ပူးပေါင်းပြီး ရေရှားပါးတဲ့ရပ်ကွက်တွေမှာ လိုက်လှူတာပါ။ တစ်ရက်ကို ရေသန့်ဘူးကြီး ဘူး ၁၀၀ နှုန်းနဲ့ တစ်ခါသွားလှူရင် ဘူး ၅၀၀ လောက်တော့ လှူဖြစ်ပါတယ်။ခန်းတဲ့ကန်တွေကတော့ တော်တော်များပါတယ်။ အခု ၁၂ ကန်ကို ပြန်တူးဖော်နေရပါတယ်" ဟု ဧပြီ ၂၁ ရက်ကပြောကြားသည်။ဒလမြို့ရှိရပ်ကွက်များသာမကဘဲ ဒလ-တွံတေးကားလမ်းမဘေးရှိ ကျေးရွာအချို့တွင်ပါ သောက်သုံးရေရှားပါးသည့်ဒဏ်ကို  ကြုံတွေ့နေရပြီး ရေအလှူရှင်များ လိုအပ်နေကြောင်း သိရသည်။ဒလမြို့ ကျန်စစ်သားရပ်ကွက်အပိုင်း (၂) ရာအိမ်မှူး ဦးတိုက်စိန်က "ကျွန်တော်တို့ရပ်ကွက်ကို မနက်တစ်ခါ ညနေတစ်ခါ စည်ပင်က ရေသယ်ကားတွေနဲ့လာဝေပါတယ်။ မနက်ကတုန်းကတော့ သုံးရေတွေဝေတယ်။ ညနေပိုင်းကျတော့ သောက်ရေဝေပါတယ်။ ကျန်စစ်သားရပ်ကွက်မှာဆိုရင် ကျွန်တော်တို့ အပိုင်း (၂) က ကန်အမှတ်(၅)လုံးဝခန်းခြောက်သွားတဲ့အတွက် သောက်ရေရှားပါနေတဲ့အတွက် ရေလာဝေကြတာဖြစ်ပါတယ်။ ကျန်တဲ့ပုဂ္ဂလိကအလှူရှင်တွေလည်း သောက်ရေတွေ ကြိုကြားကြိုကြား လာလှူကြတာမျိုးလည်းရှိပါတယ်။ ဒါပေမဲ့ လူဦးရေနဲ့ရေနဲ့က မမျှတတဲ့အတွက် အားလုံးရဖို့က ခက်ခဲနေတုန်းပါပဲ" ဟု ပြောကြားသည်။ယင်းသို့ရေလာလှူသည်ကို မရရှိကြသူများသည် ရေတစ်စည်လျှင် တစ်ထောင်ကျပ်မှ တစ်ထောင့်ငါးရာကျပ်အထိ ဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။"သောက်ရေကတော့ နှစ်တိုင်းရှားပါတယ်။ ရေလာလှူတဲ့သူတွေတော့ရှိပါတယ်။ ဒါပေမဲ့ ရတဲ့အခါတွေကျတော့ ဝယ်သုံးရတာပါပဲ။ တစ်စည်ကို တစ်ထောင်ကျပ်ပေးရတယ်။ ဝေးရင်တော့ ပိုပေးရတယ်။ အဲဒီထဲတွေထဲက သောက်ရတဲ့အခါလည်းရှိတယ်။ လုံးဝသောက်လို့မရတော့ဘူးဆိုရင်တော့ ကမ်းနားထိသွားပြီး ရေသန့်ဘူးဝယ်ရတာပဲ" ဟု ကျန်စစ်သားရပ်ကွက် အပိုင်း(၂) နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားသည်။ရန်ကုန်မြို့လယ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ဒလမြို့တွင် သောက်သုံးရေကန် ၁၂၉ ကန်ရှိကာ ယင်းတို့အနက် ကန် ၅၀ ခန့်မှာပျက်စီးနေပြီး နှစ်စဉ်နွေရာသီရောက်တိုင်း ရေခန်းခြောက်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

Most Read

Most Recent