ယူနီဖောင်းဝတ် ဗိုလ်ကြီးအယောင်ဆောင်သူက သေနတ်ဖြင့် ခြိမ်းခြောက်ကာ ကားအရောင်းစင်တာရှိ ယာဉ်အား လုယက်မှု မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွား

ယူနီဖောင်းဝတ် ဗိုလ်ကြီးအယောင်ဆောင်သူက သေနတ်ဖြင့် ခြိမ်းခြောက်ကာ ကားအရောင်းစင်တာရှိ ယာဉ်အား လုယက်မှု မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွား
Published 20 April 2015
အောင်မျိုးသန့်

ယူနီဖောင်းဝတ် ဗိုလ်ကြီးအယောင်ဆောင်သူတစ်ဦး သေနတ်ဖြင့် ခြိမ်းခြောက်ကာ ကားအရောင်းစင်တာရှိ ယာဉ်အား လုယက်မောင်းနှင်မှု ဧပြီ ၁၈ ရက် ညဦးပိုင်းက မရမ်းကုန်းမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် မင်းဓမ္မလမ်းသွယ်ရှိ မင်းခန့်ကား အရောင်းစင်တာသို့ ည ၁၁ နာရီ ၁၅ မိနစ်တွင် ယူနီဖောင်းဝတ် ဗိုလ်ကြီး အယောင်ဆောင်သူ တစ်ဦးသည် 4J/1439 Suzuki Swift  အပြာရောင်ယာဉ်ဖြင့် ခြံဝင်းရှေ့တွင် ကားရပ်ပြီး ၎င်းက ကားပေါ်မှဆင်းခဲ့ကြောင်း၊ ထိုအခါ ကားအရောင်းစင်တာမှ အမျိုးသားတစ်ဦး ရောက်လာကာ ခြံတံခါးအား ဖွင့်ပေးခဲ့ကြောင်း၊ ၎င်းမှာ အထဲသို့ ရောက်ရှိချိန်တွင် လက်ထဲ၌ ငွေရောင်ခြောက်လုံးပြူး သေနတ်ကိုင်ကာ “ငါကားအသစ်လဲမလို့ မင်းတို့သူဌေးဘယ်မှာလဲ သူဌေးနဲ့ငါသိတယ်။ ငါ့ကို ကားအသစ်တစ်စီးထုတ်ပေး” ဟု ပြောဆိုခြိမ်းခြောက် တောင်းဆိုခဲ့ကြောင်း၊ ထိုအချိန်တွင် ဗိုလ်ကြီးအယောင်ဆောင် ဆိုသူက ကားအရောင်းစင်တာရှိ ၎င်းအကြိုက်ဆုံးကား ဖြစ်သော Toyota Corolla Axio အနက်ရောင်ယာဉ်အားတောင်း၍ ကားအရာင်းစင်တာမှ ညစောင့်ဝန်ထမ်းက သော့ထုတ်ပေးခဲ့ကြောင်း၊ ယင်းဗိုလ်ကြီး အယောင်ဆောင်သူမှ ၎င်းစီးလာသော Suzuki Swift ယာဉ်တွင် တပ်ထားသော နံပါတ်ပြားအား Toyota Corolla Axio ယာဉ်၌ ပြောင်းလဲတပ်ဆင်ကာ မောင်းနှင်ထွက်သွားခဲ့ကြောင်း ဘုရင့်နောင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းဝင်းက ပြောကြားသည်။
“ကျွန်တော်တို့ စုံစမ်းသိရသလောက် ဒီအမျိုးသားဟာ ဗိုလ်ကြီးလဲ မဟုတ်ပါဘူး။ သေနတ်ကလဲ အတုကြီးပါ။ သူက (၁) ရပ်ကွက်က ဆံပင်ညှပ်ဆိုင်တောင် ဆံပင်ညှပ်ဖူးတယ်လို့ သိရတယ်။ အဲဒီညက ဒီကောင် ယူနီဖောင်းဝတ် အယောင်ဆောင်ပြီး ကျိုက်ဝိုင်းဘုရားလမ်းက သားရေစက်ရုံ ဝန်ထမ်းဆီကနေ ဖုန်းတစ်လုံးလိမ်ပြီး ယူလာတယ်။ နောက်ပြီး သမိုင်းလမ်းဆုံအနီး Ford ကား အရောင်းပြခန်းသို့ လိမ်လည်ကာ ကားသွားလဲလှယ်ခဲ့တယ်။ အဲဒီမှာ မရတော့မှ ဒီမင်းခန့် ကားအရောင်းစင်တာရောက်မှ ကားကို လိမ်လို့ ရသွားခဲ့တယ်။ နောက်ပြီး မင်းဓမ္မလမ်းက တာမီနယ်ဆီဆိုင်မှာလဲ ဗိုလ်ကြီးလို့ ထပ်မံလိမ်လည်ပြီးတော့ ဖုန်းနဲ့လဲပြီး ဆီအပြည့် ထည့်သွားခဲ့တယ်။ နောက်ဆုံးသိရတဲ့အချက် ဒီကောင်က သာကေတ အရောင်းပြခန်းကနေ သူစီးလာတဲ့ မတ်တူးယာဉ်နဲ့ အခုထားခဲ့တဲ့ ဆူဇူကီးအပြာရောင်နဲ့ လဲခဲ့ပါသေးတယ်။ အခုလက်ရှိ သူ့ကိုတော့ သာကေတ အရောင်းပြခန်း စီစီတီဗီကနေ ဓာတ်ပုံရရှိ ထားပါတယ်။ သူစီးသွားတဲ့ ကားနံပါတ်ကို သက်ဆိုင်ရာမြို့တွေကို ပေးပို့ပြီး နောက်ဆုံးသတင်းအရ သထုံမြို့နယ်ကို ရောက်နေပါတယ်” ဟု ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းဝင်းက ပြောကြားခဲ့သည်။
မင်းခန့်ကားအရောင်းစင်တာမှ ပိုင်ရှင်ဖြစ်သူက “ဒီဗိုလ်အယောင်ဆောင်ခဲ့သူကို ကျွန်တော် သိလည်း မသိဘူး။ ဆိုင်ကဝန်ထမ်းတွေက သေနတ်ပါတော့ ကြောက်ပြီး အခုလို ဖြစ်သွားခဲ့တာပါ။ ဆိုင်မှာတော့ စီစီတီဗီ မှတ်တမ်း မရှိပါဘူး။ တခြားဆိုင်တွေကနေ စီစီတီဗီမှတ်တမ်းကနေတစ်ဆင့် ဒီအမျိုးသားပုံကို ရရှိထားတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
ယင်းဖြစ်စဉ်ကို ဘုရင့်နောင်နယ်မြေရဲစခန်းက (ပ) ၁၉၀/၂၀၁၅၊ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားပြီး ယင်းအမျိုးသားအား မြို့နယ်လေးမြို့နယ်တွင်လည်း လိမ်လည်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
 

Most Read

Most Recent