မင်္ဂလာဒုံမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ရပ်ကွက်အတွင်းရှိ ဆံပင်ညှပ်ဆိုင်အား ဝင်တိုက်ရာ ကိုးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန်စွာ ဒဏ်ရာရ

မင်္ဂလာဒုံမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ရပ်ကွက်အတွင်းရှိ ဆံပင်ညှပ်ဆိုင်အား ဝင်တိုက်ရာ ကိုးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန်စွာ ဒဏ်ရာရ
Published 20 April 2015
အောင်မျိုးသန့်

မင်္ဂလာဒုံမြို့နယ်၌ ၅၁ ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ရပ်ကွက်အတွင်းရှိ လမ်းဘေးဆံပင်ညှပ်ဆိုင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ ကိုးနှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိမှု ဧပြီ ၂၀ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆူးလေမှ မင်္ဂလာဒုံပြေးဆွဲ သော ၅၁ ခရီးသည်တင်ယာဉ်သည် ဘရိတ်ပေါက်ပြီး ပေါက်ကုန်းရပ်ကွက် အတွင်းသို့ အရှိန်ဖြင့် ရောက်ရှိလာပြီး အပိုင်း ၅ ခုံးတံတားအဆင်း သုခိတာလမ်း အရောက်၌ စက်ဘီးတစ်စီးအား အရှိန်ဖြင့်ဝင်တိုက်ကာ ထပ်မံလမ်းဘေးရှိ အေးမေတ္တာ ဆံပင်ညှပ်ဆိုင်အား ဝင်တိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်တိုက်မှုကြောင့် စက်ဘီးစီးသူ အပါအဝင် ဆံပင်ညှပ်ဆိုင်၌ ဆံပင်ညှပ်ရန် စောင့်ဆိုင်းနေသူ ကလေးငယ်တစ်ဦးနှင့် ဆံပင်ညှပ်နေသူ ကလေးတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဆံပင်ညှပ်ရန် စောင့်ဆိုင်းနေသော အသက် ကိုးနှစ်အရွယ်ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဆံပင်ညှပ်ဆိုင်အား ဝင်တိုက်ခဲ့သော ၅၁ ယာဉ်အား တွေ့ရစဉ်
“ဒီခရီးသည်တင်ယာဉ်က ခုံးတံတားပေါ် ရောက်ကတည်းက မူမမှန်တာကို ပတ်ဝန်းကျင်ကလူတွေ သိတယ်။ အဆင်းရောက်တော့မှ ဘရိတ်ပေါက်မှန်းသိပြီးရှေ့က စက်ဘီးကို ဖြတ်တိုက်ပြီး ကားနဲ့ တရွတ်တိုက် ပါလာတယ်။ ဆံပင်ညှပ်ဆိုင်မှာ ထပ်ပြီး ဝင်တိုက်ခဲ့တယ်။ ကျွန်တော်ကတော့ ခုန်ရှောင်လို့ လွတ်သွားတယ်။ ကျန်တဲ့ ကလေးတွေကတော့ ဆွဲထုတ်ပြီး ခေါင်းတွေမှာ အပြင်းအထန် ဒဏ်ရာရခဲ့တယ်။ စက်ဘီးသမားကတော့ ကားအောက်ထဲမှာ တော်တော်လေး ဆွဲထုတ် ယူလိုက်ရတယ်။ ကလေးငယ် တစ်ဦးကတော့ သစ်ပင်နဲ့ညပ်ပြီး ဆေးရုံရောက်မှ သေဆုံးခဲ့တယ်” ဟု အေးမေတ္တာ ဆံပင်ညှပ်ဆိုင်မှ မျိုးမင်းနိုင်က ပြောကြားသည်။
ဒဏ်ရာရရှိသူများမှာ ပေါက်ကုန်းရပ်ကွက်နေ ငါးနှစ်အရွယ်နှင့် ၁၁ နှစ်အရွယ် ယောက်ျားလေးနှစ်ဦးနှင့် စက်ဘီးစီးသူ ဦးတင်မောင်အေးတို့ဖြစ်ပြီး ၎င်းတို့မှာ အင်းစိန်ဆေးရုံတွင် တက်ရောက်ကုသနေကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကို မင်္ဂလာဒုံမြို့မရဲစခန်းက (ပ) ၄၂/၂၀၁၅၊ ပုဒ်မ ၃၀၄ (က)/၃၃၈/၃၃၇ /၂၇၉တို့ဖြင့် အမှုဖွင့်ထားပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးတို့ကို ရဲစခန်း၌ ဖမ်းဆီးစစ်ဆေးနေကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းမှ သတင်းရရှိသည်။
 

Most Read

Most Recent