အလုပ်သမားများ အကြမ်းဖက်ဖမ်းဆီးခံရမှု နှစ်လပြည့်နေ့တွင် အကြမ်းဖက် ဖမ်းဆီးခံရသည့် အလုပ်သမားများ၏ မိသားစုဝင်များက ဆူးလေစေတီတော်၌ ဆုတောင်းပွဲ ပြုလုပ်

အလုပ်သမားများ အကြမ်းဖက်ဖမ်းဆီးခံရမှု နှစ်လပြည့်နေ့တွင် အကြမ်းဖက် ဖမ်းဆီးခံရသည့် အလုပ်သမားများ၏ မိသားစုဝင်များက ဆူးလေစေတီတော်၌ ဆုတောင်းပွဲ ပြုလုပ်
Published 20 April 2015
သီဟအောင်

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က အလုပ်သမားများ အကြမ်းဖက်ဖမ်းဆီးခံခဲ့ရမှုနှင့် ပတ်သက်၍ နှစ်လပြည့်သည့်နေ့ဖြစ်သည့် ၂၀၁၅ ခုနှစ် ဧပြီ ၂၀ ရက်တွင် အကြမ်းဖက် ဖမ်းဆီးခံရသည့် အလုပ်သမားများ၏ မိသားစုဝင်များက ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် ဆူးလေစေတီတော်၌ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆုတောင်းပွဲကို ဖယောင်းတိုင်၊ အမွှေးတိုင်များထွန်းကာ ဆူးလေစေတီတော် တနင်္ဂနွေထောင့်၌ ပြုလုပ်ခဲ့ပြီး ယင်းဆုတောင်းပွဲတွင် ဖမ်းဆီးခံ အလုပ်သမားနှစ်ဦး၏ သမီးနှစ်ဦးအပါအဝင် ဖမ်းဆီးခံရသူများ၏ မိသားစုဝင် ၁၆ ဦးက ပါဝင်ဆုတောင်းခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရွှေပြည်သာစက်မှုဇုန် အပိုင်း ၁၊ ၂၊ ၃ အတွင်း အခြေခံလစာ တိုးမြှင့်ပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြနေသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ညနေ ၄ နာရီခွဲခန့်တွင် ရွှေပြည်သာမြို့ နယ်ရှိ E, Land Myanmar Garment စက်ရုံရှေ့တွင် လုပ်ခလစာ တိုးမြှင့်ပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြနေသည့်နေရာသို့ ရဲတပ်ဖွဲ့အင်အား ၁၀၀၀ ခန့် ရောက်ရှိလာခဲ့ကြောင်း ယင်းနေရာသို့ ညနေ ၆ နာရီခွဲခန့်၌ ၎င်းတို့နည်းတူပင် အခြေခံလစာ တိုးမြှင့်ပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြနေသည့် Ford Glory Garment စက်ရုံမှ အလုပ်သမားများနှင့် COSTEC INTERNATION CO.,LTD (Garment) စက်ရုံမှ အလုပ်သမားများက ပူးပေါင်းကာ အလုပ်သမား ၁၀၀၀ ကျော်ခန့်က ချီတက်လာပြီး ဝင်ရောက်စဉ် အလုပ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်တို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားအချို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ရွှေပြည်သာစက်မှုဇုန် အတွင်းရှိ ကိုရီးယားလူမျိုးနှင့် တရုတ်နိုင်ငံသားပိုင် Ford Glory အထည်ချုပ်စက်ရုံ၊ COSTEC အထည်ချုပ် စက်ရုံ၊ E, Land  Myanmar အထည်ချုပ် စက်ရုံတို့မှ အလုပ်သမား ၁၀၀၀ ကျော်မှာ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
အဆိုပါစက်ရုံများတွင် လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦး၏ အခြေခံလုပ်ခလစာမှာ ပျမ်းမျှအားဖြင့် တစ်လလျှင် ကျပ် ၄၀,၀၀၀ မျှသာရှိပြီး လုပ်သက် ရှစ်နှစ်ရှိသည့် အလုပ်သမားတစ်ဦး၏ အခြေခံလုပ်ခလစာမှာ ကျပ်တစ်သိန်းကျော်သာ ရှိကြောင်း သိရသည်။                        
 
 

Most Read

Most Recent