လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခအတွင်း ဒေါ်ခင်ဝင်း သေဆုံးမှုကို ဆားလင်းကြီးမြို့မရဲစခန်းက လူသတ်မှုဖြင့် အမှုပြန်ဖွင့်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခအတွင်း ဒေါ်ခင်ဝင်း သေဆုံးမှုကို ဆားလင်းကြီးမြို့မရဲစခန်းက လူသတ်မှုဖြင့် အမှုပြန်ဖွင့်
Published 20 April 2015
စိုးမိုးထွန်း(မုံရွာ)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးခတ်ရာမှ မြေပိုင်ရှင်ဒေသ ခံများနှင့်ပဋိပက္ခ ဖြစ်ပွားရာတွင် ရဲတပ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည် မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်းသေဆုံးခဲ့မှုကို လူသတ်မှုအဖြစ် ဆားလင်းကြီးမြို့နယ် ရဲစခန်းက ပြင်ဆင်အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးများ တစ်စုံတစ်ရာ ရယူထားခြင်း မရှိသည့် ဒေသခံတောင်သူများပိုင် မြေယာများပေါ်တွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့မှ ခြံစည်းရိုးခတ်နေစဉ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံတို့အကြား ပဋိပက္ခဖြစ်ပွားကာ ပစ်ခတ်မှုများဖြစ်ပွာပြီး မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်း၏ ဦးခေါင်းတွင် သေနတ်ကျည်ဆန် ထိမှန်ပြီး သေဆုံးခဲ့မှုအား ဆားလင်းကြီး မြို့နယ်တရားရုံးတွင် သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၅ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ဧပြီ ၉ ရက်တွင် ဆားလင်းကြီးမြို့နယ် တရားသူကြီးက ဒေါ်ခင်ဝင်းသေဆုံးမှုသည် သာမန်သေမှုသေခင်းမျိုး မဟုတ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပစ်ခတ်ခဲ့သည့် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း အမိန့်ချမှတ်ခဲ့ပြီး နောက်တွင်ဆားလင်းကြီး မြို့မရဲစခန်းက သေမှုသေခင်းမှ လူသတ်မှုဖြင့် အမှုအားပြန်လည် ပြင်ဆင်ဖွင့်လှစ်ခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ထံမှ သိရသည်။
ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်က “သေမှုသေခင်းကနေ လူသတ်မှုနဲ့ ပြောင်းစစ်နေတာ ဟုတ်ပါတယ်။ ရဲကတရားလိုလုပ်ပြီး အမှုဖွင့်ထားတာပါ။ ကာယကံရှင်က ဖွင့်ထားတာ မဟုတ်ပါဘူး။ တရားရုံးရဲ့ အမိန့်က ဓမ္မတာအတိုင်း သေဆုံးတာမဟုတ်ဘူးလို့ အကြောင်းပြန်ချက်အရ အခုလို အမှုဖွင့်တာပါ။ ဒီဖြစ်စဉ်ကို ဘယ်သူပစ်တယ် ဆိုတာတွေကတော့ စစ်ဆေးရမှာပါ” ဟု ဧပြီ ၂၀ ရက်တွင် ပြောကြားသည်။
အဆိုပါအမှုကို ဆားလင်းကြီး ရဲစခန်းမှ ဒုရဲမှူးသန်းနိုင်က တရားလိုပြုလုပ်၍ ဒေါ်ခင်ဝင်းအား သေဆုံးအောင် ပြုသူများကို အရေးယူပေးနိုင်ရန် တိုင်ကြားသဖြင့် မြို့မရဲစခန်းက အမှုကြီး အမှတ်စဉ်(၃/၂၀၁၅) (ပ)၅၉/၁၅ ပြစ်မှုပုဒ်မ ၃၀၂ အမှုဖွင့်ထားပြီး အမှုစစ် ဒုရဲမှူးသန်းနိုင်က ဆောင်ရွက်နေကြောင်း သိရသည်။
ဒေါ်ခင်ဝင်း၏ ယောက်မတော်စပ်သူ မခင်မာအေးက “အရင်တုန်းက ဆားလင်းကြီး ရဲစခန်းမှာ လူသတ်မှုနဲ့ အမှုသွားဖွင့်တော့ တရားရုံးက အဆင့်ဆင့်ဆောင်ရွက်နေတာမို့ ဆိုင်းငံ့ဆိုပြီး အကြောင်းပြန်တယ်။ အခုတရားရုံးက သာမန်သေဆုးံတာ မဟုတ်ဘူး၊ ပယောဂ တစ်ခုခုကြောင့် သေတာလို့ အမိန့်ချတယ်။ မှုခင်းဆရာဝန်ကြီးကလည်း သေနတ်ဒဏ်ရာလို့ ရုံးမှာ ထွက်ဆိုတယ်။ ဒါကြောင့် ရန်ကုန်ရှေ့နေများ ကွန်ရက်က ဦးအောင်သိန်းတို့နဲ့ တိုင်ပင်ပြီး ဘယ်လိုဆက်လုပ်ရမလဲ ဆုံးဖြတ်မှာပါ” ဟု ပြောကြားသည်။
ဒေါ်ခင်ဝင်းအား သေနတ်ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများအား စစ်ဆေးရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် နေပြည်တော်မှ ရဲမှူးချုပ် ခင်မောင်ဝင်း ဦးဆောင်သည့်အဖွဲ့က ၂၀၁၅ ဇန်နဝါရီ ၂၅ ရက်တွင် မုံရွာမြို့ မြို့မရဲစခန်းဝန်းအတွင်းရှိ ရဲရိပ်သာတွင် လာရောက်စစ်ဆေး စုံစမ်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့မှုများလည်း ပြုလုပ်ခဲ့ဖူးကြောင်းလည်း သိရသည်။

Most Read

Most Recent