၂၀၁၆ ခုနှစ်တွင် ပုဂံဒေသဖွံ့ဖြိုးစေရေး ညဈေးတန်းဖွင့်လှစ်ရန် ရှေးဟောင်းသုတေသနဌာနနှင့် ညှိနှိုင်းနေ

၂၀၁၆ ခုနှစ်တွင် ပုဂံဒေသဖွံ့ဖြိုးစေရေး ညဈေးတန်းဖွင့်လှစ်ရန် ရှေးဟောင်းသုတေသနဌာနနှင့် ညှိနှိုင်းနေ
Published 20 April 2015
မြတ်စုနိုင်

လာမည့် ၂၀၁၆ ခုနှစ်တွင် ပုဂံဒေသဖွံ့ဖြိုးစေရန် ညဈေးတန်းအတွက် မြေနေရာ တိုင်းတာမှုများကို သက်ဆိုင်ရာ ခရိုင်ဥက္ကဋ္ဌသို့ တင်ပြထားပြီး ရှေးဟောင်းသုတေသနဌာနနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံ) မှ ဥက္ကဋ္ဌ ဦးတင့်ဆွေက ပြောကြားသည်။ထို့ပြင် ပုဂံဒေသ၌ ညဈေးတန်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည့်အပြင် ဧပြီလနောက်ပိုင်း၌ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း အရည်အသွေးပြည့်မီသည့် စားသောက်ဆိုင်များကိုလည်း ဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။“၂၀၁၆ ခုနှစ်မှာ ဒီရှေးဟောင်းဇုန်ဖြစ်တဲ့ ပုဂံဒေသမှာ ညဈေးဖွင့်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီအတွက် မြေနေရာတိုင်းတာမှုတွေကို သက်ဆိုင်ရာခရိုင်ကို တင်ပြထားပါတယ်။ ပြီးတော့ ဧပြီလနောက်ပိုင်းကိုလည်း နိုင်ငံတကာ စံချိန်မီတဲ့ စားသောက်ဆိုင်တွေကိုလည်း ဖွင့်လှစ်သွားဖို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ပုဂံဒေသ ခရီးစဉ်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကိုလည်း လာမယ့် ဇွန်လမှာ အကောင်အထည်ဖော်ဖို့ ရှိတယ်ဆိုတော့ ပုဂံက အရင်ကထက်ပိုပြီး စည်ကားလာမှာပါ” ဟု ယင်းက ဆက်လက်ပြောကြားသည်။ထို့ပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်စေရန် နိုင်ငံတော်အဆင့် လုပ်ငန်းကြီးကြပ်မှုအဖွဲ့များ ညှိနှိုင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ယင်းနောက် ပုဂံဒေသ၌ ညဈေးတန်း ဖွင့်လှစ်နိုင်ရန် ရွှေစည်းခုံဘုရား၊ အလိုတော်ပြည့်ဘုန်းကြီးကျောင်း အနီးရှိ မီးပုံးပျံလွှတ်ကွင်းနှင့် ညောင်ဦး၌ ဖွင့်လှစ်နိုင်ရန် နေရာရွေးချယ်ထားကြောင်း သိရသည်။အဆိုပါ ညဈေးတွင် ရိုးရာလက်မှု ပစ္စည်းဆိုင်များ၊ ဒေသထွက်ကုန် ပစ္စည်းများ၊ ရိုးရာစားသောက်ဆိုင်များနှင့် ရိုးရာအဝတ်အထည်ဆိုင်များကိုပါ ထည့်သွင်းဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ဟိုတယ်/ခရီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းကဏ္ဍများကို JICA နှင့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပုဂံ၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံသို့ ခရီးသွားများဝင်ရောက်မှု မြင့်တက်လာသည်နှင့်အတူ ကမ္ဘာလှည့် ခရီးသွားအများစုသည် ပုဂံဒေသသို့ အများဆုံးသွားရောက်လေ့ရှိပြီး နှစ်စဉ်ခရီးသွားများ တိုးတက်လျက်ရှိရာ ခရီးစဉ်ဒေသ တစ်ခုအဖြစ် ရေရှည်စနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင်ရန် လိုအပ်ချက်များကို သုတေသန ပြုလုပ်ထားပြီး စီမံကိန်းများကို JICA နှင့် ပူးပေါင်း၍ ရေးဆွဲ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုသည် နှစ်စဉ်တိုးတက်လာပြီး ခရီးသွားများ သွားရောက်လည်ပတ်မှုများသည့် ဒေသများတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်များအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ခရီးသွားလုပ်ငန်းရှင် အသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက သုံးသပ်ထားသည်။

Most Read

Most Recent