ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ လယ်ယာမဲ့များအတွက် လယ်ယာမြေဖော်ထုတ်ရန် ကျပ်သန်း ၅၀၀ နှင့် အိမ်ရာစီမံကိန်း ဖော်ဆောင်ရန် ကျပ်သန်း ၂၀၀၀၀ ပြည်ထောင်စုအစိုးရ၏ ထောက်ပံ့ငွေ ရရှိ

ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ လယ်ယာမဲ့များအတွက် လယ်ယာမြေဖော်ထုတ်ရန် ကျပ်သန်း ၅၀၀ နှင့် အိမ်ရာစီမံကိန်း ဖော်ဆောင်ရန် ကျပ်သန်း ၂၀၀၀၀ ပြည်ထောင်စုအစိုးရ၏ ထောက်ပံ့ငွေ ရရှိ
Published 20 April 2015
ကျော်ထင်

ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်ယာမဲ့များအတွက် လယ်ယာမြေဖော်ထုတ်ရန် ကျပ်သန်း ၅၀၀ နှင့် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် ကျပ်သန်း ၂၀၀၀၀ အား ပြည်ထောင်စုအစိုးရအဖွဲ့၏ ထောက်ပံ့ငွေ ရရှိခဲ့ကြောင်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံး စာရင်းအရ သိရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော လယ်ယာမြေများစွာ ရှိနေပြီး အချို့မှာ ယင်းလယ်ယာမြေများကို လက်လွှတ်ဆုံးရှုံးကာ လယ်ယာမဲ့များ ဖြစ်သွားခဲ့ရသည်။ သို့ဖြစ်၍ ၎င်းတို့အတွက် လယ်ယာမြေများ ပြန်လည်ဖော်ထုတ်ပေးရန် လိုအပ်နေပြီး ယခု ပြည်ထောင်စုအစိုးရက ထောက်ပံ့ပေးသည့်ငွေမှာ ၎င်းတို့အတွက် ဖြစ်မဖြစ် ဆိုသည်ကိုမူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။အလားတူ အိမ်ရာဈေးနှုန်းများ၊ အိမ်ငှားခဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အိမ်ရာအခက်အခဲဖြစ်သူ အများအပြား ရှိနေပြီး တန်ဖိုးနည်းအိမ်ရာများမှာလည်း ယင်းသို့ အိမ်ရာအခက်အခဲ ဖြစ်နေသော အခြေခံလူတန်းစားများနှင့် များစွာ အလှမ်းဝေးကွာနေကြောင်း သိရသည်။ ၎င်းတို့အတွက် အိမ်ရာစီမံကိန်းများ ဖော်ထုတ်ပြီး မဝယ်နိုင်ပါက အငှားချထားသည့် စနစ်ကို အကောင်အထည်ဖော်ရန် လိုအပ်နေကြောင်း ထောက်ပြမှုများ ရှိနေသည်။  ယခု ပြည်ထောင်စုအစိုးရက အိမ်ရာစီမံကိန်းများ တည်ဆောက်ရန်အတွက် ကျပ်သန်း ၂၀၀၀၀ ထောက်ပံ့ပေးမှုအတွက် အိမ်ရာစီမံကိန်း ဖော်ဆောင်မည်ဟုသာဆိုပြီး မည်သည့်အိမ်ရာမျိုး အကောင်အထည်ဖော်မည်ကိုမူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ လယ်ယာမဲ့များအတွက် လယ်ယာမြေများ ဖော်ထုတ်ပေးရန်၊ အိမ်ရာစီမံကိန်းများ ဆောင်ရွက်ရန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများ အပါအဝင် လုပ်ငန်းငါးခုအတွက် ပြည်ထောင်စုအစိုးရက ငွေကျပ်၂၂ ဒသမ ၉၅ ဘီလျံ ထောက်ပံ့ထားကြောင်း သိရသည်။ထောက်ပံ့ငွေများအား လယ်ယာမဲ့များအတွက် လယ်ယာမြေများ ဖော်ထုတ်ရေး ဆောင်ရွက်ရန် ငွေကျပ်သန်း ၅၀၀၊ အိမ်ရာစီမံကိန်းများ ဆောင်ရွက်ရန် ငွေကျပ် ဘီလျံ ၂၀၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ် သန်း ၅၀၀၊ ခရိုင်/မြို့နယ် စုပေါင်းရုံးတစ်ရုံး ဆောက်လုပ်ရန်အတွက် ကျပ် ၁ ဒသမ ၅ ဘီလျံ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှု အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်သန်း ၄၅၀ စသည်ဖြင့် အသီးသီး သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent