တပ်မတော်နှင့် KIA တို့အကြား ဖားကန့်ဒေသတွင် ပစ်ခတ်မှုဖြစ်ပွား

တပ်မတော်နှင့် KIA တို့အကြား ဖားကန့်ဒေသတွင် ပစ်ခတ်မှုဖြစ်ပွား
Published 20 April 2015

အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့အကြား ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်များတွင် ကချင်ပြည်နယ် ဖားကန့်ဒေသ၊ KIA တပ်ရင်း(၆) တည်ရှိရာ အောင်ဘာလေကျေးရွာ ဝန်းကျင်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။
တပ်မတော်နှင့် KIA တို့အကြား ပြဿနာများ ထပ်မံမဖြစ်ပွားစေရန် ပဋိပက္ခဖြစ်နိုင်ခြေရှိသော နေရာများကို သွားလာမည်ဆိုပါက နှစ်ဖက်အကြား ကြိုတင်ညှိနှိုင်း ဆောင်ရွက်ရန်အတွက် ဧပြီ ၆ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အိုဆက်ဆံရေးရုံးတွင် နှစ်ဖက်ပဋိပက္ခညှိနှိုင်းရေး အဖွဲ့တို့ တွေ့ဆုံ၍ ဆွေးနွေးသဘောတူခဲ့ပြီးနောက် ယခုကဲ့သို့ ပစ်ခတ်မှု ပြန်လည်ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားမှု နှင့်ပတ်သက်ပြီး ဦးလမိုင်ဂွန်ဂျာက “မနေ့ကရယ် တစ်နေ့ကရယ် ဖြစ်တာ။ သွားရင်း လာရင်းနဲ့ ထိတွေ့ရင်ဆိုင်မှု ဖြစ်တာပါ။ အခုကတော့ ပြန်ငြိမ်သွားပါပြီ။ ဖြစ်စဉ်က တပ်ကလည်း သူတို့ရဲ့ အနီးအနားမှာရှိတဲ့ ပတ်ဝန်းကျင်ကို လုံခြုံရေးအရ သွားလာနေတဲ့အချိန် ကေအိုင်အေ အဖွဲ့နဲ့ ထိပ်တိုက် တွေ့ဆုံတဲ့သဘောပါပဲ။ ထိခိုက်ကျဆုံးကတော့ မသိဘူးဗျ။ တစ်ဖက်နဲ့ တစ်ဖက် သွားလာတာတွေကို အကြောင်းကြားဖို့ ပြောထားတယ်။ ခုဘာမှလည်း မပြောတဲ့ အခါကျတော့ အခုလို ဖြစ်တာပေါ့။ စိုးရိမ်မှုကြောင့် ဖြစ်တဲ့ကိစ္စတွေပါ” ဟု ဧပြီ ၂၀ ရက်က ပြောကြားသည်။ 
ယခုတိုက်ပွဲ ဖြစ်ပွားခဲ့သည့် ဖားကန့်ဒေသ အောင်ဘာလေ ကျေးရွာဝန်းကျင်တွင် ပြီးခဲ့သည့် ၂၀၁၅ ဇန်နဝါရီလကလည်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ဇန်နဝါရီ ၁၄ ရက်က ကေအိုင်အေ တပ်မဟာ(၁) လက်အောက် တပ်ရင်း(၆) တည်ရှိရာ ဒေသဖြစ်သော ဖားကန့်လမ်းကြောင်းတွင် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးအား ကေအိုင်အေ တပ်ဖွဲ့ဝင်များက တားဆီးခဲ့ပြီး အဆိုပါဝန်ကြီး၏ လုံခြုံရေးလိုက်ပါ ဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်သုံးဦးအား ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားပြီးနောက် ဇန်နဝါရီ ၁၅ ရက် နံနက် ၆ နာရီခန့်တွင် ကေအိုင်အေ တပ်ရင်း(၆)တည်ရှိရာ ဖားကန့်မြို့ အရှေ့မြောက်ဘက်ရှိ တန်ဂေါင် (အောင်ဘာလေ) ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent