ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ၌ လူတစ်ထောင်ခန့် မဲစာရင်းတွင် မပါဝင်သည့်ကိစ္စ လွှတ်တော်က ရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းကြားမည်

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ၌ လူတစ်ထောင်ခန့် မဲစာရင်းတွင် မပါဝင်သည့်ကိစ္စ လွှတ်တော်က ရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းကြားမည်
Published 20 April 2015
ဝေယံဖြိုးဦး

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ၌ လူတစ်ထောင်ခန့် မဲစာရင်းတွင် မပါဝင်သည့်ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်မှ ရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားမည်ဟု သတင်းရရှိသည်။      
ရခိုင်ပြည်နယ် ကျောက်တော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသာစိန်၏ လွှတ်တော်၌ ဆွေးနွေးချက်ကို လွှတ်တော်မှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ သီးခြားအကြောင်းကြားရန် ဖြစ်သည်။
ဦးသာစိန်က လွှတ်တော်၌ ဆွေးနွေးရာတွင် “ကျွန်တော်တို့ ကျောက်တော်မြို့နယ်မှာ အပေါက်၀ ကျေးရွာဆိုတာ ရှိပါတယ်။ ရွာကြီးတစ်ရွာပါပဲ။ အဲဒီရွာကြီးမှာ ကျွန်တော်တို့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ နိုဝင်ဘာ ၆ ရက်ထိ လူ ၁၀၀၀ လောက် မဲစာရင်းမပါဘဲ ကျန်ရစ်ခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က မြို့နယ်ကော်မရှင်ကို သွားပြီးတော့ တင်ပြတဲ့အခါမှာ အချိန်နီးနေတဲ့အတွက် မလုပ်ပေးနိုင်ခဲ့ပါဘူး။ အဲဒီတော့ လူတွေဟာ ဆူဆူပူပူ ဖြစ်နေပါတယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ ကျွန်တော်တို့က ဝင်ပြီးတော့ ခင်ဗျားတို့မပါရင်လည်း ကိစ္စမရှိဘူးဗျာ။ ရှိတဲ့လူကပဲ ကျွန်တော်တို့ကို မဲပေးကြပါဆိုပြီးတော့ ကျွန်တော်တို့က နှစ်သိမ့်ပါတယ်။ ဆူပူမှုမဖြစ်အောင် ကျွန်တော်တို့ တတ်နိုင်သမျှ ထိန်းသိမ်းလိုက်ပါတယ်။ ဒါနဲ့သူတို့လည်း ပြန်သွားကြပါတယ်။ မနက် မိုးလင်းလာတဲ့ အခါကျတော့ မဲပေးဖို့လာတဲ့ ရခိုင်တွေနေရာမှာ မင်အဖြူနဲ့ သုတ်ပြီးတော့ လူ ၄၆ ယောက်စာ ကုလားနာမည်တွေ ရေးထားတာကို တွေ့ပါတယ်။ ဒါအင်မတန်ရုပ်ဆိုးတဲ့ အမျိုးသားရေး သစ္စာဖောက်မှု တစ်ရပ်ပါပဲ။ အဲဒီမှာ ကျွန်တော်တို့က ကော်မရှင်ကို တိုင်တယ်။ ကော်မရှင်ကလည်း အရေးယူခဲ့ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ ကော်မရှင်ကလည်း အရေးယူခဲ့ပါတယ်။ ဒါပေမဲ့ အခုကျွန်တော်တင်ပြနေတာက အဲဒီအဖြစ်အပျက်ဟာ တော်တော်လေးဆိုးရွားတဲ့ အဖြစ်အပျက်ဖြစ်တဲ့အတွက် အခုလာမယ့် ရွေးကောက်ပွဲမှာ အဲဒီဟာမျိုးမဖြစ်ဖို့ အမျိုးသားရေးကို သစ္စာဖောက်တဲ့ ကိစ္စမျိုးမဖြစ်ဖို့၊ အားလုံးပါတီတိုင်း မျှမျှတတ အခွင့်အရေးရဖို့ဆိုတာ တင်ပြခြင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဆွေးနွေးချက်ကို ရွေးကောက်ပွဲကော်မရှင်မှ သိရှိကြပ်မတ်နိုင်ရန် လွှတ်တော်မှ အကြောင်းကြားခြင်း ပြုလုပ်ဆောင်ရွက်မည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၀ ရက် လွှတ်တော် အစည်းအဝေး၌လည်း ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည်ကို စိုးရိမ်နေချိန်တွင် မကြာမီက ပြုလုပ်ခဲ့သည့် ထိပ်တန်းနိုင်ငံရေး တွေ့ဆုံပွဲ၌ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ ကတိပြုခြင်းများအပေါ် ပြည်ထောင်စုလွှတ်တော်မှ ဂုဏ်ပြုမှတ်တမ်း တင်ခဲ့သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဖြစ်ရာ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်၌သာ အခြေခံမဲ ဆန္ဒရှင်စာရင်းကို ကြေညာထားနိုင်ပြီး ကျန်ရှိသည့်မြို့နယ်များတွင် ကြေညာနိုင်ရန် စီစဉ်ဆဲဖြစ်ကြောင်း သိရသည်။      

Most Read

Most Recent