မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အိမ်ခြေ ၂၂ လုံး ဆုံးရှုံး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အိမ်ခြေ ၂၂ လုံး ဆုံးရှုံး
Published 20 April 2015
ငြိမ်းဇော်လင်း၊ အောင်သူ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်တွင် ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်ခြေ ၂၂ လုံး မီးလောင်ဆုံးရှုံးကာ အိမ်ထောင်စု ၃၆ စု လူဦးရေ ၂၅၉ ဦး မီးဘေးသင့်ခဲ့ကြောင်း သိရသည်။အဆိုပါ မီးလောင်ကျွမ်းမှုမှာ တီဗွီမီးဖြတ်စက် အပူလွန်ကဲရာမှတစ်ဆင့် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူသေဆုံးမှု မရှိကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုး ၃၃ သိန်းရှိကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ အတည်ပြု ပြောကြားသည်။မီးလောင်ကျွမ်းမှု ဖြစ်ပွားသည့်နေရာသည် အလွယ်တကူ မီးငြှိမ်းသတ်၍ မရခြင်း၊ ကပ်မိုးထရံကာအိမ်များ ထူထပ်စွာရှိနေခြင်းနှင့် တောင်လေတိုက်ခတ်နေချိန် ဖြစ်သောကြောင့် ဆုံးရှုံးမှု ပိုမိုများပြားသွားခြင်းဖြစ်ကြောင်း အဆိုပါရပ်ကွက်အတွင်း နေထိုင်သူများက ပြောကြားသည်။“လမ်းကကျဉ်းတော့ မီးသတ်ကားလုံလုံလောက်လောက် ဝင်လို့မရခဲ့ဘူး။ ပြီးတော့ လေကလည်းတိုက်နေတယ်။ ရပ်ကွက်ထဲမှာက ထရံကာအိမ်တွေများတော့ လောင်စာလိုဖြစ်နေပြီး မီးကပိုကြီးသွားတာ။ ရပ်ကွက်ကလူတွေနဲ့ သံဃာတွေပါ ဝိုင်းငြှိမ်းရတယ်။ အနောက်ပိုင်းမှာ ရေမရတော့လို့ ရေမြောင်းထဲကရေနဲ့ ယူငြှိမ်းရတယ်။ မီးခိုးမွှန်ပြီး မေ့သွားတဲ့ အမျိုးသမီးတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသွားတဲ့ ကောင်လေးတစ်ယောက်ကို ကြက်ခြေနီတွေက ဆေးရုံပို့ပေးလိုက်ကြတယ်” ဟု မီးလောင်ကျွမ်းမှုဖြစ်စဉ် အနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။အဆိုပါ မီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့ သန္ဓေ ၆၅ ဦး၊ အရန် ၄၀၀ နှင့် မီးသတ်ယာဉ် ၅၅ စီးဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ၂ နာရီခွဲတွင် မီးညွန့်ကို ထိန်းနိုင်ခဲ့ကာ ၂ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။မီးလောင်မှုဖြစ်ပွား၍ မီးဘေးသင့် ပြည်သူများကို ၈၆ လမ်းနှင့် ၈၇ လမ်းကြား ၃၃ ပေါ်ရှိ ရွှေဘုံသာကျောင်းတွင် ပြောင်းရွှေ့စောင့်ရှောက်မှု ပြုလုပ်ထားကြောင်း သိရသည်။

Most Read

Most Recent