သစ်ခိုးထုတ်မှုများကို Drone လေယာဉ်များအပြင် လူမောင်းလေယာဉ်များဖြင့် နေ့စဉ်စစ်ဆေးနေဟု သိရ

သစ်ခိုးထုတ်မှုများကို Drone လေယာဉ်များအပြင် လူမောင်းလေယာဉ်များဖြင့် နေ့စဉ်စစ်ဆေးနေဟု သိရ
Published 20 April 2015
အောင်ရဲကို

Drone လေယာဉ်များအပြင် လူမောင်းလေယာဉ်များဖြင့် သစ်ခိုးထုတ်မှုများကို နေ့စဉ်စစ်ဆေးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ကချင်ပြည်နယ်ကို အဓိကထား စစ်ဆေးနေပြီး တပ်မတော်မှ တာဝန်ယူထားသော လုပ်ငန်းဖြစ်ကြောင်း သိရသည်။ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးအဆင့်ရှိသူ တစ်ဦးက “ကျွန်တော်တို့ အရင်ကတော့ မောင်းသူမဲ့လောက်ပဲ သုံးပေမယ့် အခု လူမောင်းတွေပါ သုံးနေပြီ။ ကုန်ကျစရိတ်တော့ မြင့်တာပေါ့” ဟု ပြောကြားသည်။တရုတ်သစ်ခိုးထုတ်ဂိုဏ်းများကို ဖမ်းဆီးရမိပြီးနောက် သစ်ဖမ်းဆီးမှု လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂ ရက်က ကချင်ပြည်နယ် ဝိုင်းမော်ဒေသတစ်ဝိုက်တွင် သစ်ခိုးထုတ်မှု အကြီးအကျယ် လုပ်ဆောင်နေသည့် တရားမဝင် ဝင်ရောက်လာခဲ့သော တရုတ်နိုင်ငံသားများကို တပ်မတော် ကင်းထောက်လှမ်းရေးလေယာဉ်ဖြင့် စစ်ဆေးတွေ့ရှိပြီးနောက် ဖမ်းဆီးနိုင်ခဲ့သည်။အလားတူ ကချင်ပြည်နယ် မန်စီမြို့နယ် ဒေသတွင်း၌ မတ် ၂၁ ရက်က တရုတ်သစ်ခိုးထုတ် အဖွဲ့တစ်ခုမှ သယ်ဆောင်နေသည့် သစ်ကားများကို တပ်မတော်က ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။တရုတ်သစ်ခိုးထုတ်ဂိုဏ်းများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တစ်ဝိုက်တွင် သစ်ခိုးထုတ်မှုများကို နှစ်စဉ်စီမံကိန်းကြီး တစ်ခုသဖွယ် လုပ်ကိုင်နေကြသည်ဟု သစ်တောဦးစီးဌာနနှင့် ဒေသခံများ၊ သစ်လုပ်ငန်းတွင် လုပ်ကိုင်နေကြသူများက ပြောကြားသည်။ပြီးခဲ့သည့် ဇန်နဝါရီက ဖမ်းမိခဲ့သည့် တရုတ်နိုင်ငံသား ၁၃၈ ဦးကို လက်ရှိတွင် ထောင်ဒဏ်နှစ်ရှည်ချရန် အပက (၃) နှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေတို့ဖြင့် အရေးယူမှု ပြုလုပ်နေပြီဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။တရုတ်နိုင်ငံသားများ တရားမဝင် ခုတ်လှဲခဲ့သည့် သစ်တောနေရာများမှာ ပြန့်ကြဲနေပြီး ဝိုင်းမော်မြို့တွင်း အရှေ့၊ အနောက်ခွဲပြီး စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေရကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။နောက်ဆုံးတွေ့ရှိထားသည့် သစ်လုံးအရေအတွက်မှာ ၁၆၁၂၁ လုံးဖြစ်ပြီး သစ်တန်ချိန်ရေတွက်ပြီးစီးသည့် သစ်လုံးရေ ၁၁၃၁၂ လုံးအရ ၃၁၂၁ ဒသမ ၉၈၅ တန်ရှိကြောင်း သစ်တောဦးစီးဌာနမှ တွက်ချက်ထားသည်။တရုတ်နိုင်ငံ အနေဖြင့် ယခုဖြစ်စဉ်အပေါ် ၎င်းတို့၏ နိုင်ငံသားများ အခွင့်အရေးအတွက် ကာကွယ်ပြောဆိုမှုများ ပြုလုပ်ထားသည်။ယခင်ကာလများက သစ်အပါအဝင် သယံဇာတများ ခိုးထုတ်ခဲ့သည့် တရုတ်နိုင်ငံသားများကို သစ်တောဥပဒေ၊ လဝကဥပဒေတို့ဖြင့် အရေးယူပါက အနည်းဆုံး ထောင်ဒဏ်တစ်နှစ်မှ ငါးနှစ်အထိ ချမှတ်နိုင်ခြင်းရှိသော်လည်း ငွေဒဏ်နှင့် ပြည်နှင်ဒဏ်ပေးသည့် ပြစ်ဒဏ်များသာ အများဆုံးချမှတ်ခဲ့သည်။တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် တရားမဝင် သစ်လုပ်ငန်းအကြီးဆုံး လုပ်ကိုင်သည့် နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ခုနစ်ဘီလျံဖိုးခန့် တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေပြီး ရာခိုင်နှုန်း ၉၀ ခန့်မှာ မြန်မာနိုင်ငံမှသစ်များ ဖြစ်နေကြောင်း သစ်တောအသင်း၏ ဆွေးနွေးပွဲတွင် ဖော်ပြခဲ့သည်။

Most Read

Most Recent