မြစ်သာမြစ်၏ ရေတိုက်စားမှုအန္တရာယ် တွေ့ကြုံနေရသော နတ်နန်းကျေးရွာတွင် ကမ်းပါးပြိုမှု ကာကွယ်ရေးလုပ်ငန်းများ ယနေ့အထိ မစတင်နိုင်ခြင်းကြောင့် ဒေသခံများ စိုးရိမ်

မြစ်သာမြစ်၏ ရေတိုက်စားမှုအန္တရာယ် တွေ့ကြုံနေရသော နတ်နန်းကျေးရွာတွင် ကမ်းပါးပြိုမှု ကာကွယ်ရေးလုပ်ငန်းများ ယနေ့အထိ မစတင်နိုင်ခြင်းကြောင့် ဒေသခံများ စိုးရိမ်
Published 20 April 2015
အောင်သူထွန်း (ကလေး)

မြစ်သာမြစ်၏ ရေတိုက်စားမှုအန္တရာယ် တွေ့ကြုံနေရသော နတ်နန်းကျေးရွာတွင် ကမ်းပါးပြိုမှုကာကွယ်ရေး လုပ်ငန်းများကို ယနေ့အချိန်အထိ မစတင်နိုင်ခြင်းကြောင့် ဒေသခံများ စိုးရိမ်လျက်ရှိသည်ဟု သတင်းရရှိသည်။“သင်္ကြန်လည်း ပြီးသွားပြီ။ အခုအချိန်အထိတော့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေ စတင်မလုပ်ပေးသေးဘူး။ အထက်ကလည်း ကမ်းပြိုထိန်းသိမ်းဖို့အတွက်၊ ရေလမ်းကြောင်းလွှဲဖို့အတွက် ငွေကျထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘာမှ လာမလုပ်သေးဘူး။ ကျွန်တော်တို့ရွာကတော့ ကိုယ့်ရွာနဲ့ကိုယ် မျောတွေခုတ်ပြီးတော့ ရွာနားမှာရှိတဲ့ မြစ်ကမ်းပါးကို ကမ်းမပြိုအောင် ရိုက်ဖို့အတွက် မျောတွေစုလိုက်ပြီ။ သူတို့က လုပ်ပေးမယ်လို့သာ ပြောတယ်။ အခုအထိ ဘာမှမလာသေးတော့ ကျွန်တော်တို့က စိုးရိမ်တယ်။ အခုဆိုရင် သင်္ကြန်မိုးက တော်တော်ကျတယ်။ မိုးဦးစောတယ်ဆိုရင် ကမ်းပြိုအတွက် ရေကာတာ ရိုက်တာ၊ ရေလမ်းလွှဲတာတွေလုပ်ဖို့ အချိန်မရလိုက်မှာ စိုးရိမ်နေပြီ” ဟု နတ်နန်းကျေးရွာမှ ကိုဗျားကြီးက ပြောကြားသည်။အဆိုပါ နတ်နန်းကျေးရွာသည် ကလေးမြို့နယ် နတ်မြောင်းအုပ်စုတွင်ပါဝင်ကာ အိမ်ခြေ ၈၆ အိမ်ရှိပြီး လူဦးရေ ၄၀၀ ကျော် နေထိုင်ကြပြီး တောင်သူနှင့် ပျံကျလုပ်ငန်း လုပ်ကိုင်သူ များပြားသည်ဟု သိရသည်။နတ်နန်းကျေးရွာ ကမ်းပါးပြိုမှု ကာကွယ်ခြင်းကို ရွာသူရွာသားများက ၂၀၁၃ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မြို့နယ်မှ ကျပ်သိန်း ၂၈၀ ခန့် အကုန်အကျခံ လုပ်ဆောင်ခဲ့သော်လည်း ရေတိုက်စားမှုကြောင့် ပြန်လည်ပျက်စီးခဲ့သည်။“ကျွန်တော်တို့ နတ်နန်းကျေးရွာ ကမ်းပါးပြိုမှုကို ကာကွယ်ဖို့အတွက် ရေကာတာတွေ ပြန်ရိုက်မယ်။ ရေလမ်းကိုလည်း လွှဲမြောင်းဖောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမှာပါ။ အခုတော့ ဒီဇိုင်းတွေဆွဲတာတွေ လုပ်နေပါတယ်။ လုပ်ငန်းတွေကိုတော့ မတ်လကုန်လောက် စတင်နိုင်မယ်ထင်ပါတယ်။ ဘတ်ဂျက်အနေနဲ့လည်း ကျပ်သိန်း ၃၀၀ ကျထားပါတယ်။ ရေကာတာကိုလည်း နှစ်ခုလုပ်မယ်။ အရင်က ရေကာတာတစ်ခုပဲ လုပ်တာ။ ဒီတစ်ခါမှာတော့ ရွာနားလေးမှာ ရေကာတာနောက်တစ်ခု တိုးပြီး လုပ်ပါ့မယ်” ဟု ရေမြစ်ဖြိုးဌာနမှ ဒုညွှန်မှူးဦးထွန်းနိုင်ဝင်းက မတ်လအတွင်းက ပြောကြားသည်။

Most Read

Most Recent