တိုက်ပွဲများကြောင့် ထွက်ပြေးနေသည့် လောက်ကိုင်ဒေသခံအချို့ လားရှိုးနှင့် ကွမ်းလုံ၌ပင် ရှိနေ

တိုက်ပွဲများကြောင့် ထွက်ပြေးနေသည့် လောက်ကိုင်ဒေသခံအချို့ လားရှိုးနှင့် ကွမ်းလုံ၌ပင် ရှိနေ
Published 20 April 2015
ဉာဏ်ဝင်းရှိန်

တပ်မတော်နှင့် ကိုးကန့်တိမ်းရှောင် အဖွဲ့တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်ရှောင် ထွက်ပြေးနေသည့် လောက်ကိုင်ဒေသခံများ လားရှိုးနှင့် ကွမ်းလုံ၌ပင် ရှိနေပြီး ၎င်းတို့ နေရပ်ပြန်ရေးအတွက် ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူများမှ ကူညီမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၉ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ကိုးကိန့်တိမ်းရှောင်အဖွဲ့တို့၏ တိုက်ပွဲများကြောင့် ဒေသခံများအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ထောင်ပေါင်းများစွာသည် လောက်ကိုင်-ချင်းရွှေဟော်လမ်းနှင့် တရုတ်နိုင်ငံ နမ့်ဆန်-မိန်းတိန် နယ်စပ်လမ်းမှတစ်ဆင့် ချင်းရွှေဟော်ဂိတ်ကိုဖြတ်၍ ကွမ်းလုံနှင့် လားရှိုးသို့ တိမ်းရှောင်ခဲ့ကြသည်။
ယင်းတို့အနက် လောက်ကိုင်ဒေသခံ အချို့မှာ လားရှိုးနှင့် ကွမ်းလုံမြို့တို့တွင် လက်ရှိအထိ ရှိနေဆဲဖြစ်ပြီး ၎င်းတို့နေရပ်ပြန်ရေးအတွက် ကွမ်းလုံအခြေစိုက် ကယ်ဆယ်ရေး ကူညီဆောင်ရွက်နေသူများက ကူညီပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။
ကွမ်းလုံမြို့တွင် အခြေစိုက်ကူညီကယ်ဆယ်ရေး ပြုလုပ်ပေးနေသူ တစ်ဦးဖြစ်သည့် မချစ်မီးက “ဒီနောက်ပိုင်းတော့ လောက်ကိုင်ဘက်က ပြန်ဆင်းလာတဲ့သူတွေ မရှိကြတော့ပါဘူး။ ကြည့်ရတာ အရပ်သားတွေ အားလုံးက မရှိကြတော့ဘူး ထင်ပါတယ်။ ဒါပေမဲ့ လားရှိုးနဲ့ ကွမ်းလုံမှာတော့ လောက်ကိုင်ဒေသခံ မိသားစုတချို့တော့ ရှိသေးတယ်။ သူတို့က အခုထိမပြန်ရသေးဘူး။ ဒီရက်ပိုင်းအတွင်းတော့ သူတို့ကို လောက်ကိုင်အထိ ပို့ပေးဖို့ ရှိပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေကတော့ မရပ်ဆိုင်းသေးပါဘူး” ဟု ဧပြီ ၂၀ ရက်က ပြောကြားသည်။
လောက်ကိုင်မြို့တွင် ဒေသခံများ ပြန်လည်နေထိုင်နေပြီ ဖြစ်သော်လည်း တပ်မတော်နှင့် ကိုးကန့်တိမ်းရှောင် အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်မှ ဧပြီ ၁၆ ရက်အထိ တိုက်ပွဲများ ၂၅၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent