ယခုနှစ် သင်္ကြန်တွင်း အမြန်လမ်းမကြီး၌ ဖြတ်သန်းသည့် ယာဉ်အစီးရေ တစ်သိန်းကျော်ရှိပြီး ယာဉ်မတော်တဆမှုကြောင့် နှစ်ဦး သေဆုံးကာ ၇၄ ဦး ဒဏ်ရာရ

ယခုနှစ် သင်္ကြန်တွင်း အမြန်လမ်းမကြီး၌ ဖြတ်သန်းသည့် ယာဉ်အစီးရေ တစ်သိန်းကျော်ရှိပြီး ယာဉ်မတော်တဆမှုကြောင့် နှစ်ဦး သေဆုံးကာ ၇၄ ဦး ဒဏ်ရာရ
Published 20 April 2015
ဉာဏ်ဝင်းရှိန်

ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများကြောင့် နှစ်ဦး သေဆုံးပြီး ၇၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ဧပြီ ၁၂ ရက်မှ ၁၇ ရက်အတွင်း အမြန်လမ်းမကြီးတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှု ၁၃ မှုရှိပြီး ယင်းတို့အနက် လိုက်ထရပ်ယာဉ်များ ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုမှာ အများဆုံးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည့် ဇယားတွင် ဖော်ပြထားသည်။ဧပြီ ၁၂ ရက်မှ ၁၇ ရက်အထိ အမြန်လမ်းမကြီးပေါ်သို့ ဖြတ်သန်းခဲ့သည့်ယာဉ် စုစုပေါင်း ၁၁၀၅၅၄ စီးရှိပြီး ယာဉ်မတော်တဆမှု ၁၃ မှုဖြစ်ပွားကာ နှစ်ဦးသေဆုံး၍ ၇၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးအဖွဲ့၏ ထုတ်ပြန်ခဲ့သည့် ဇယားတွင် ဖော်ပြထားသည်။ထို့ပြင် ပြီးခဲ့သည့် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ် နှစ်နှစ်အတွင်း သင်္ကြန်ကာအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်ဆမှုများမှာ ၃၁ မှုရှိပြီး ၂၂ ဦးသေဆုံးကာ ၈၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့် မှတ်တမ်းများအရ သိရသည်။ထို့ပြင် ယခုနှစ် သင်္ကြန်ကာလအတွင်း အမြန်လမ်းမကြီးသို့ ဖြတ်သန်းခဲ့သည့် ယာဉ်အရေအတွက်မှာ ပြီးခဲ့သည့်နှစ်နှစ်တာ ကာလအတွင်း အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။၂၀၁၃ ခုနှစ် သင်္ကြန်ကာလအတွင်း ဖြတ်သန်းခဲ့သည့် ယာဉ်အစီးရေမှာ ၇၁၆၇၇ စီးရှိပြီး ၂၀၁၄ ခုနှစ် သင်္ကြန်ကာလအတွင်းက ဖြတ်သန်းခဲ့သည့် ယာဉ်အစီးရေမှာ ၉၇၃၄၇ စီးရှိခဲ့ကာ ၂၀၁၅ ခုနှစ် သင်္ကြန်ကာလအတွင်း ဖြတ်သန်းခဲ့သည့် ယာဉ်အစီးရေမှာ ၁၁၀၅၅၄ စီးရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent