The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သော ရွှေသံလွင် ရေကစားမဏ္ဍပ် သတင်းနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း အသိပေးခြင်း

The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သော ရွှေသံလွင် ရေကစားမဏ္ဍပ် သတင်းနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း အသိပေးခြင်း
Published 20 April 2015

ဧပြီ ၁၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ စာမျက်နှာ (၁၅) တွင် ဖော်ပြခဲ့သော “နေပြည်တော်ရှိ ရွှေသံလွင် ရေကစားမဏ္ဍပ်၌ မိုးပျံပူဖောင်းများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မှုတွင် ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့” သတင်းပါ “စကိုင်းနက် ဦးကျော်ဝင်းရဲ့ဇနီး ဒေါ်နီနီ” ဟူသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြန်လည်ရှင်းလင်း အသိပေးအပ်ပါသည်။(၁) မဟာသင်္ကြန် အတက်နေ့တွင် နေပြည်တော်ရှိ ရွှေသံလွင် ရေကစားမဏ္ဍပ်၌ မြန်မာနှစ်သစ်ကူး အကြိုအဖြစ် မိုးပျံပူဖောင်းများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်ရာမှ ထိခိုက်ဒဏ်ရာ ရရှိမှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။(၂) အဆိုပါဖြစ်စဉ်သည် ပိတ်ပွဲပြုလုပ်ရာတွင် ဗြောက်အိုးမီးရှူးဖောက်ရာမှ မိုးပျံပူဖောင်းများကို ထိမှန်၍ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုတော် ဂျက်မြသောင်း အပါအဝင် ငါးဦးခန့် အပူလောင်ဒဏ်ရာ အနည်းငယ်စီ ရရှိ၍ ဆေးရုံတက် ကုသမှု ခံယူခဲ့ရကြောင်းကိုလည်း စုံစမ်းသိရှိရပါသည်။(၃) သို့သော် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ခြေရဲတပ်ဖွဲ့စခန်းများတွင် အမှုဖွင့် ဆောင်ရွက်ထားခြင်း မရှိသည့်အတွက် သတင်းဖြစ်စဉ်အမှန် အတည်ပြုနိုင်ရေး တာဝန်ရှိသူအချို့အား ဆက်သွယ်စုံစမ်း အတည်ပြုချက် ရယူခဲ့ရပါသည်။(၄) ထိုသို့ အတည်ပြုချက် ရယူရာတွင် အမည်မဖော်လိုသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ပြန်လည်ဖြေကြားခဲ့သည့် အသံဖိုင်ပါ ပြောစကား အတိအကျအတိုင်း သတင်းတွင် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ ၁၉-၄-၂၀၁၅ ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ “ရွှေသံလွင်ကုမ္ပဏီ ဝန်ထမ်းမိသားစုများ” ၏ ကြော်ငြာတွင် ဖော်ပြထားသကဲ့သို့ The Daily Eleven သတင်းစာက မှားယွင်းရေးသားခဲ့ခြင်း မဟုတ်ပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အတိုင်း ဖော်ပြရာတွင် ဦးကျော်ဝင်း၏ဇနီး ဒေါ်နီနီဟူ၍ ပါရှိသွားခြင်းသာ ဖြစ်ပါသည်။ The Daily Eleven သတင်းစာအနေဖြင့် ဦးကျော်ဝင်း၏ မိခင်နှင့် ဇနီးအမည်အား သိရှိပါလျက် မှားယွင်းရေးသားခဲ့ခြင်း လုံး၀ မဟုတ်ပါ။(၅) ယခုသတင်းတွင် သင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနား ပြုလုပ်ခြင်း၊ မြန်မာနှစ်သစ်ကို ကြိုဆိုခြင်းတွင် မြန်မာ့အစဉ်အလာ၌ ပြုလုပ်သည့် အလေ့အထ မရှိဘဲ အခြားနှစ်သစ်ကူး ပွဲတော်များကဲ့သို့ မီးရှူးမီးပန်း ပစ်ဖောက်ရာမှ ထိခိုက်ဒဏ်ရာရမှု ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ခြင်းကို ဖော်ပြခဲ့ခြင်းသာ ဖြစ်ပါသည်။ ယင်းသတင်းဖြစ်စဉ်အား သာမန်ကိစ္စရပ်ဟု မယူဆသောကြောင့် သတင်းအကြောင်းအရာ မှန်ကန်ရေး၊ အတည်ပြုချက် ရယူနိုင်ရေးကို ဦးစားပေး လုပ်ဆောင်ခဲ့ခြင်းနှင့် ဦးကျော်ဝင်း၏ ဇနီးအမည်မှာလည်း သာမန်အားဖြင့် အလွယ်တကူ သိရှိနိုင်ရန် မလွယ်ကူခြင်း၊ အယ်ဒီတာအဖွဲ့မှ ပြန်လည်စိစစ်ရာတွင် လစ်ဟာမှုများ ရှိခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ မှားယွင်းခဲ့ခြင်း ဖြစ်ပါသည်။ ထို့အတွက် မှားယွင်းဖော်ပြမှုကို သိလျှင်သိချင်း ဧပြီ ၁၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ စာမျက်နှာ (၁၅) တွင် “ပြင်ဆင်ဖတ်ရှုပါရန်” ပြန်လည်ထည့်သွင်းခဲ့ပါသည်။ သတင်းများ ဖော်ပြရာတွင် သတင်းပါ အချက်အလက် အကြောင်းအရာများ မှန်ကန်တိကျစေရေးအတွက် စိစစ်ဖော်ပြရန်မှာ သက်ဆိုင်ရာ အယ်ဒီတာအဖွဲ့၏ တာဝန် ဖြစ်ပါသည်။(၆) ထို့ကြောင့် သတင်းရင်းမြစ်၏ ပြောကြားချက်ပါ ဦးကျော်ဝင်း၏မိခင် ဒေါ်နီအမည်အား မှားယွင်းဖော်ပြ ပါရှိသွားခဲ့ခြင်းနှင့် ပတ်သက်၍ နစ်နာမှုများအတွက် ဦးကျော်ဝင်းနှင့် မိသားစုအား The Daily Eleven သတင်းစာ အယ်ဒီတာအဖွဲ့က အနူးအညွတ် တောင်းပန်အပ်ပါသည်။                                            အယ်ဒီတာအဖွဲ့ (The Daily Eleven သတင်းစာ)

Most Read

Most Recent