ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ ရပ်ကွက်အချို့တွင် သောက်သုံးရေ ပြတ်လပ်နေပြီး အပူချိန် မြင့်တက်မှုနှင့်အတူ ရေပြဿနာ ကြုံတွေ့နေရ

ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ ရပ်ကွက်အချို့တွင် သောက်သုံးရေ ပြတ်လပ်နေပြီး အပူချိန် မြင့်တက်မှုနှင့်အတူ ရေပြဿနာ ကြုံတွေ့နေရ
Published 19 April 2015
ဆန်းထူးအောင်၊ သက်မင်း၊ ပြည့်ဖြိုးအောင်၊

ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ ရပ်ကွက်အချို့တွင် သောက်သုံးရေ ပြတ်လပ်နေပြီး အပူချိန်မြင့်တက်မှုနှင့်အတူ ရေပြဿနာ ကြုံတွေ့နေရသဖြင့် ရေအလှူရှင်များ လိုအပ်နေကြောင်း ဒလမြို့နယ်ရှိဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဒလမြို့နယ်အတွင်း အခြေခံလူတန်းစားများ နေထိုင်သည့် ရပ်ကွက်အတွင်းရှိ ကန်ရေကိုသာ အဓိကထား အသုံးပြုနေရပြီး အဆိုပါ ရေကန်များမှ ရေများခြောက်ခန်းလုနီးပါး အထိရှိနေရာ သုံးရေအတွက်သာ အသုံးပြုနေရကာ သောက်ရေရှိရန်အတွက် တစ်နာရီခန့် ကွာဝေးသောနေရာသို့ သွားရောက်၍ ရေခပ်ယူနေရကြောင်း သိရသည်။

ဒလမြို့နယ်အတွင်း ခန်းခြောက်လုနီးဖြစ်နေသည့် ကျန်စစ်သားရပ်ကွက်ရှိ မင်္ဂလာကန်ကို တွေ့ရစဉ်
“အခု ဒီချိန်ရောက်ပြီဆိုရင် သောက်ရေရော သုံးရေရော ပြတ်ပြီ။ မေလလောက်ကတည်းကကို ရှားနေတာပါ။ မနှစ်က ဒီအချိန်ဆိုရင် ရေအလှူရှင်တွေ ရောက်လာပြီ။ အခုအချိန်ထိ ရေအလှူရှင်တွေ မရောက်သေးတော့ သောက်ရေအတွက် အရမ်းခက်ခဲနေတယ်။ ဒီနားမှာရှိတဲ့ ကန်ကလည်း သုံးရေရဖို့အတွက် အနည်ထနေတဲ့ ရေတွေကို စစ်ပြီးတော့ သုံးနေရတယ်။ ရေထဲမှာက ရွှံ့အနှစ်တွေပါ,ပါတယ်။ ရေကနံနေပေမယ့်လည်း သုံးစရာမရှိတဲ့အတွက် ဒါကိုပဲ အသုံးပြုနေရတယ်။ အရင်က ဒီအချိန်ဆိုရင် ရေအလှူရှင်တွေ ရောက်နေပြီ” ဟု ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်တွင် နေထိုင်သည့် ဒေါ်စန်းမြင့်က ပြောကြားသည်။
ဒလမြို့နယ်တွင် နွေရာသီကာလတွင် ရေရရှိရန် မြို့နယ်စည်ပင်ရုံးမှ ရေဖြန့်ဝေပေးမှုများ၊ ဆည်မြောင်းဦးစီးဌာနမှ ရေကန်တူးဖော်မှုများ ပြုလုပ်ပေးနေသော်လည်း ရေပြတ်လပ်မှုပြဿနာကို ဖြေရှင်းနိုင်မှု မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။    ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်၊ အံံ့ကြီးအနောက်ရပ်ကွက်၊ တံတားချောင်း ကျေးရွာစသော အခြေခံလူတန်းစား အများစုနေထိုင်သည့် နေရာများတွင် ရေပြတ်လပ်မှုကြောင့် ၎င်းင်းတို့၏ နေ့စဉ်လူမှုဘဝများ ထိခိုက်မှုများ ရှိနေကြောင်း သိရသည်။

ရပ်ကွက်အတွင်း ရေတန်းစီနေသူများ (ဓာတ်ပုံ-သက်မင်း)
“ နောက် ၁၀ ရက်လောက်ဆိုရင် ရွာမှာရှိတဲ့ ကန်ကခန်းတော့မှာ။ ရေခန်းလို့ဆိုပြီး တွင်းတူးပြန်တော့လည်း ထွက်လာတဲ့ရေတွေက အနှစ်တွေချည်းပဲ။ အဲဒီအနှစ် တွေကို တစ်ညသိပ်ပြီးတော့မှ သုံးရေအဖြစ် ပြန်သုံးရတယ်။ ကျွန်မတို့ရွာကို ရေအလှူရှင်တွေ မရောက်တာလည်း သုံးနှစ်လောက်ရှိပြီ” ဟု တံတားချောင်းကျေးရွာမှ ဦးလှသိန်းက ပြောကြားသည်။
ဒလမြို့နယ်၌ အဝီစိရေတွင်းတူးရာတွင် ပေများစွာတူးရပြီး ထွက်ရှိသောရေများမှာ သံကြေးအရောင်ရှိသော ရေများသာရရှိကြောင်း သိရသည်။ အဆိုပါရေများကို အသုံးပြုရာတွင် ရေချိုးရာ၌ ခန္ဓာကိုယ်စေးကပ်ခြင်း၊ ဆပ်ပြာအမြှုပ် မထွက်ခြင်းများဖြစ်ပေါ်ပြီး သောက်ရေအဖြစ် အသုံးပြု၍မရကြောင်း သိရသည်။
“ကျွန်တော်တို့ ရပ်ကွက်မှာ သုံးရေရဖို့အတွက် စည်ပင်က လွှတ်ပေးတဲ့ရေကိုပဲ စောင့်သုံးနေရတယ်။ ရေလွှတ်တဲ့အချိန်က အတိအကျမရှိတော့ ရေကန်နားမှာတစ်ယောက်က အမြဲစောင့်ပြီး ရေလာရင် အကုန်လုံးကိုပြောရတယ်။ လွှတ်ပေးတဲ့ ရေကလည်း သုံးရေအတွက်ပဲရတယ်။ ရပ်ကွက်ထဲမှာရှိတဲ့ သောက်ရေအတွက် အသုံးပြုတဲ့ကန်တွေက ရေတွေကလည်း ရေညှိပဲကျန်တော့တယ်” ဟု အံ့ကြီးအနောက်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

ဒလမြို့နယ်အတွင်း ခန်းခြောက်လုနီးဖြစ်နေသည့် ကျန်စစ်သားရပ်ကွက်ရှိ မင်္ဂလာကန်ကို တွေ့ရစဉ်(ဓာတ်ပုံ-သက်မင်း)
ဒလမြို့နယ်၌ ရပ်ကွက်ပေါင်း ၂၃ ရပ် ကွက်ရှိပြီး ရပ်ကွက်တစ်ခုတွင် သောက်သုံးရေကန်ငါးကန်မှ ခြောက်ကန်အထိရှိကာ ရေကန်အများစုမှာ သောက်ရေအဖြစ် အသုံးပြု၍မရကြောင်း သိရသည်။ ထိုသို့ သောက်သုံးရေပြတ်မှုများ ဖြစ်ပေါ်ခဲ့ပါက အဆိုးရွားဆုံး ရပ်ကွက်များမှာ ကျန်စစ်သားရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ ရာဇသင်္ကြန်ရပ်ကွက်နှင့် တပင်ရွှေထီးရပ်ကွက်တို့ ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်း သောက်သုံးရေ ပြတ်လတ်မှုများမှာ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင်သာမက မန္တလေးတိုင်းဒေသကြီး မြို့နယ်များ၊ မကွေးတိုင်းဒေသကြီးမြို့နယ်များ၊ ဧရာဝတီတိုင်းဒေသကြီးမြို့နယ်များ၊ ရခိုင်ပြည်နယ်မြို့နယ်များ၊ ချင်းပြည်နယ်မြို့နယ်များနှင့် ထားဝယ်ဒေသဝန်းကျင်ရှိ ကျေးရွာများပါ သောက်သုံးရေရှားပါးမှုများ ကြုံတွေ့နေရကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးမှု ဦးစီးဌာန သိရသည်။
ဧပြီ ၁၉ ရက် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၏ နေ့အပူချိန်များသည် မန္တလေးတိုင်းဒေသကြီးတွင် ၄၁ ဒီဂရီစင်တီဂရိတ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၀ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄၁ ဒီဂရီစင်တီဂရိတ်၊ မကွေးတိုင်းဒေသကြီးတွင် ၄၁ ဒီဂရီစင်တီဂရိတ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၄၀ ဒီဂရီစင်တီဂရိတ်။ ရှမ်းပြည်နယ်တွင် ၃၆ ဒီဂရီစင်တီဂရိတ်၊ ကချင်ပြည်နယ်တွင် ၃၇ ဒီဂရီစင်တီဂရိတ်နှင့် ချင်းပြည်နယ်တွင် ၃၅ ဒီဂရီစင်တီဂရိတ် အသီးသီးရှိကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
 

Most Read