ကလေးစစ်သား ၆၀၀ နီးပါးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုခဲ့ပြီး ကလေးစစ်သား စုဆောင်းသူ အရာရှိ၊ စစ်သည် ၃၀၀ ကျော်အား အရေးယူ

ကလေးစစ်သား ၆၀၀ နီးပါးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုခဲ့ပြီး ကလေးစစ်သား စုဆောင်းသူ အရာရှိ၊ စစ်သည် ၃၀၀ ကျော်အား အရေးယူ
Published 19 April 2015

၁၈ နှစ် မပြည့်သေးသည့် ကလေးစစ်သား ၆၀၀ နီးပါးကို  တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ကလေးစစ်သား စုဆောင်းခဲ့သူ အရာရှိများ အပါအဝင် အခြားအဆင့် စုစုပေါင်း ၃၀၀ ကျော်အား စစ်စည်းကမ်းအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောကြားသည်။နေပြည်တော်တွင် ဧပြီ ၈ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ မေးခွန်းကို ဖြေကြားရာတွင် ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “အရွယ်မရောက်သေးသော ကလေးသူငယ်များအား အဓမ္မစေခိုင်းမှုများ၊ စွန့်ပစ်ခံရမှုများ၊ ရောင်းစားမှုများ ပပျောက်စေရန်နှင့် တောရောမြို့ပါ မွေးစာရင်းကို လွယ်ကူလျင်မြန်စွာ ထုတ်ပေးနိုင်ရန်၊ အသက်မပြည့်သေးသူ ကလေးများအား စစ်မှုထမ်းရန် တရားဝင်ငြင်းပယ်ခြင်း၊ တပ်သားစုဆောင်းရာတွင် အရွယ်မရောက်သေးသူနှင့် အုပ်ထိန်းသူမပါသော ကလေးများအား ခွင့်မပြုခြင်းကို စည်းကမ်းသတ်မှတ်၍ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်မှ သတင်းထုတ်ပြန်ထားသည်။“အသက်မပြည့်သေးသော ကလေးသူငယ်များကို စစ်မှုထမ်းရန် တရားဝင် ငြင်းပယ်ခြင်းနှင့် ပတ်သက်၍ အသက် ၁၈ နှစ် မပြည့်ဘဲ မှားယွင်းစုဆောင်းခဲ့သော စစ်သည် ၅၉၄ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုခဲ့ပြီး မိဘအုပ်ထိန်းသူများကို ပြန်လည်လွှဲပြောင်းပေးပြီး စုဆောင်းခဲ့သော အရာရှိ ၅၀၊ အခြားအဆင့် ၂၇၇ ဦး စုစုပေါင်း ၃၂၇ ဦးတို့ကိုလည်း စစ်စည်းကမ်းအရ အရေးယူ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားသည်။မိဘအုပ်ထိန်းသူမပါသော ကလေးသူငယ်များ လက်ခံနေသည်ကို ခွင့်မပြုခြင်းနှင့် ပတ်သက်၍ စုဆောင်းရရှိသည့် တပ်သားသစ်များကို တပ်မတော်စစ်သည်များအတွက် စစ်မှုထမ်းစည်းမျဉ်း၊ ကာကွယ်ရေးကောင်စီ ညွှန်ကြားလွှာအမှတ် (၁၃/၇၃)နှင့်အညီ ဆောင်ရွက်ရန်နှင့် ကိုယ်တိုင်ဆန္ဒပြုသူ၊ မိဘသဘောတူညီသူ ဖြစ်ရမည်ဟု အမိန့်နှင့် ညွှန်ကြားချက်များတွင်လည်း ထုတ်ပြန်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။တပ်မတော်တွင် စစ်မှုထမ်းရန် တပ်သားသစ်စုဆောင်းရာ၌ အသက်မပြည့်သေးသည့် ကလေးသူငယ်များနှင့် မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်မပါသော ကလေးသူငယ်များအား လက်ခံခြင်းမပြုရန် ကာကွယ်ရေးဝန်ကြီးဌာနကလည်း အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဆိုသည်။အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား အတင်းအဓမ္မ ခိုင်းစေခြင်း၊ အန္တရာယ်ရှိ လုပ်ငန်းခွင်များနှင့် စားသောက်ဆိုင်၊ အရက်ဆိုင်များတွင် ခိုင်းစေခြင်း၊ မီးပွိုင့်၊ လမ်းဆုံလမ်းခွ၊ ဈေးနှင့်ရပ်ကွက်များတွင် တောင်းရမ်းလုပ်ကိုင်ရန် ခိုင်းစေခြင်းများနှင့် ပတ်သက်၍ တည်ဆဲဥပဒေများနှင့် အရေးယူ ဆောင်ရွက်နေပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းကိုလည်း ရေးဆွဲနေကြောင်း သိရသည်။မျိုးမင်းထက်

Most Read

Most Recent