ရန်ကုန်မြစ်အတွင်းရှိ နုန်းပို့ချမှုများသော အတွင်းစည်းခုံနေရာ၌ သောင်တူးဖော်ခဲ့သည့် Antigoon သောင်တူးသင်္ဘော အပြင်စည်းခုံနေရာတွင်လည်း စမ်းသပ်တူးဖော်ခဲ့

ရန်ကုန်မြစ်အတွင်းရှိ နုန်းပို့ချမှုများသော အတွင်းစည်းခုံနေရာ၌ သောင်တူးဖော်ခဲ့သည့် Antigoon သောင်တူးသင်္ဘော အပြင်စည်းခုံနေရာတွင်လည်း စမ်းသပ်တူးဖော်ခဲ့
Published 19 April 2015
ရွှန်းလဲ့ဝင်း

ရန်ကုန်မြစ်အတွင်းရှိ နုန်းပို့ချမှုများသည့် အတွင်းစည်းခုံနေရာ၌ သောင်တူးဖော်ပေးခဲ့သည့် Antigoon သောင်တူးသင်္ဘောသည် ရန်ကုန်မြစ်ကြောင်းအတွင်းရှိ အပြင်စည်းခုံနေရာ၌လည်း စမ်းသပ်တူးဖော်ပေးခဲ့ကြောင်း Starhigh Asia Pacific ကုမ္ပဏီမှ သတင်းရရှိသည်။မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Starhigh Asia Pacific ကုမ္ပဏီတို့ ပူးပေါင်း၍ နုန်းပို့ချမှုများသည့် ရန်ကုန်မြစ်အတွင်းရှိ အတွင်းစည်းခုံနေရာ၌ သောင်တူးဖော်ခြင်းလုပ်ငန်းကို မတ် ၃၀ ရက်မှ ဧပြီ ၁၁ ရက်အထိ လုပ်ကိုင်ခဲ့သည်။“သင်္ဘောက ယူအေအီးနိုင်ငံကို ဧပြီ ၁၁ ရက်မှာ ပြန်လည်ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ပြန်ထွက်ရင်းနဲ့ အပြင်စည်းခုံနေရာ အနီးကိုလည်း ၁၀ နာရီကျော် ၁၂ နာရီနီးပါးလောက် စမ်းသပ်တူးဖော်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု Starhigh Asia Pacific ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ကိုဖုန်းခိုင်ရွှေက ပြောကြားသည်။ရန်ကုန်မြစ်သည် နုန်းပို့ချမှုများပြားပြီး ပင်လယ်ဝမှ သင်္ဘောများ ရန်ကုန်ဆိပ်ကမ်းများအတွင်း ဝင်ရောက်လာပါက ဗိုလ်တထောင် သံလျက်စွန်းအနီး အတွင်းစည်းခုံနေရာနှင့် ရန်ကုန်မြစ်ဝရှိ အပြင်စည်းခုံနေရာဖြစ်သည့် ရေတိမ်သည့် နေရာနှစ်နေရာကို ဖြတ်ကျော်ပြီးမှ ဝင်ရောက်ရကြောင်း သိရသည်။    သို့ဖြစ်၍ Starhigh Asia Pacific ကုမ္ပဏီသည် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ပူးပေါင်း၍ ရန်ကုန်မြစ်အတွင်းရှိ အတွင်းစည်းခုံနေရာ၌ သောင်တူးဖော်ခြင်းလုပ်ငန်းကို နှစ်ပတ်ကြာ လာရောက်လုပ်ကိုင်ပေးခြင်း ဖြစ်သည်။ Starhigh Asia Pacific ကုမ္ပဏီသည် သောင်တူးသင်္ဘောဖြင့် သောင်တူးခြင်းကို အခမဲ့ လာရောက်တူးဖော်ပေးခြင်းဖြစ်သည်။ယင်းသင်္ဘောအား နှစ်ပတ်ကြာငှားရမ်း၍ သောင်တူးခြင်းလုပ်ငန်း လုပ်ကိုင်မည်ဆိုပါက အမေရိကန်ဒေါ်လာ နှစ်သန်းခန့် ကုန်ကျမည်ဟု သိရသည်။အဆိုပါ အတွင်းစည်းခုံနေရာအား Starhigh Asia Pacific ကုမ္ပဏီပိုင် Antigoon သင်္ဘောဖြင့် မတ် ၃၀ ရက်မှ ဧပြီ ၁၁ ရက်အထိ သောင်တူးခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။“အတွင်းစည်းခုံနေရာက သောင်တူးရခက်တယ်။ ဒီလို သောင်တူးသင်္ဘောကြီးနဲ့မှ အဆင်ပြေနိုင်မယ်ဆိုလို့ ကျွန်တော်တို့ သင်္ဘောကလည်း လမ်းကြုံလို့ မြန်မာနိုင်ငံကိုဝင်ပြီး တူးပေးသွားတာ ဖြစ်ပါတယ်။ Antigoon သင်္ဘောရဲ့ Capacity က တစ်နာရီကို Cubic meter 6000 အထိ တူးနိုင်ပါတယ်။ တစ်ရက်ကို Cubic meter တန်ငါးသောင်းကနေ ခြောက်သောင်းအထိ တူးနိုင်ပါတယ်” ဟု Starhigh Asia Pacific ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစည်သူဖြိုးက ပြောကြားသည်။ထို့ပြင် ၎င်းကပင် “အခု လက်ရှိအတွင်းစည်းခုံမှာ Cubic meter ငါးသိန်းလောက်အထိ တူးပြီးပါပြီ။ အဓိက ရည်ရွယ်ချက်က ကုန်တွေ များများဝင်လာနိုင်ပြီး Freight charges ကျနိုင်အောင်ပါ။ Freight charges ကျမှသာ မြန်မာပြည်ရဲ့ ကုန်ဈေးနှုန်းလည်း ကျမှာဖြစ်လို့ပါ” ဟု ပြောကြားသည်။

Most Read

Most Recent