ဝေးလံခေါင်သီ ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များအား လစာသုံးဆအစား ဒေသစရိတ်သာ သတ်မှတ်နှုန်းထားဖြင့် ခံစားခွင့်ပြုမည်ဟု သိရ

ဝေးလံခေါင်သီ ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များအား လစာသုံးဆအစား ဒေသစရိတ်သာ သတ်မှတ်နှုန်းထားဖြင့် ခံစားခွင့်ပြုမည်ဟု သိရ
Published 19 April 2015
အိသဉ္ဇာကျော်

ဝေးလံခေါင်သီ ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များအား လစာသုံးဆအစား ဒေသစရိတ်သာ သတ်မှတ်နှုန်းထားဖြင့် ခံစားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ဧပြီလ ဒုတိယပတ်အတွင်းက ဘဏ္ဍာရေးဝန်ကြီးဌာနက ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ ခံစားလျက်ရှိသည့် ဒေသစရိတ်နှုန်းထားများ ယာယီပြင်ဆင် သတ်မှတ်သည့် အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့ကြောင်းနှင့် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ် ခံစားခွင့်ပြုခြင်းကို ဧပြီ ၁ ရက်မှစ၍ ယာယီအစီအစဉ်အဖြစ် ပြောင်းလဲသတ်မှတ်ထားကြောင်း သိရသည်။၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက ဝေးလံပြီး သွားလာရေးခက်ခဲသည့် ဒေသများသို့ ဆရာဝန်များ သွားရောက်တာဝန်ထမ်းဆောင်လိုစိတ် ရှိရန်အတွက် လစာသုံးဆအထိ တိုးမြှင့်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ကြောင်းနှင့် ယင်းအဆိုကို ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်က ပြောကြားရာတွင် ယခင်က ဝေးလံပြီး သွားလာရေးခက်ခဲသည့် ဒေသများသို့ တာဝန်ကျသည့် ဆရာဝန်များ သွားရောက်တာဝန်ထမ်းဆောင်ခြင်း မရှိပါက DE, PE စစ်ပြီး အလုပ်မှ ထုတ်ပယ်ကြောင်း၊ ဆမလက်မှတ် သိမ်းကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်သည့်အတွက် ကာယကံရှင်နှင့် ကာယကံရှင် မိသားစုများ နစ်နာကြောင်း၊ ဒေသခံ ပြည်သူလူထုနှင့် နိုင်ငံတော် အနေဖြင့်လည်း နစ်နာကြောင်း၊ ယခင်ဆုပေးဒဏ်ပေး လုပ်စဉ်က ဒဏ်ပေးသည့်အခါ ဆရာဝန်များ အလုပ်ထွက်သွားသည့်အတွက် ဆုံးရှုံးမှုများ ရှိကြောင်း၊ ဆမ အသိမ်းခံရခြင်း လျော်ကြေးပေးရခြင်းမှလွဲ၍ အကျိုးမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ယင်းကဲ့သို့ ဖြစ်စဉ်များ ရှိနေခြင်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် သွားရောက်တာဝန်ထမ်းဆောင်မည့် ဆရာဝန်များအတွက် လစာသုံးဆ တိုးပေးနိုင်ရန် တင်ပြခဲ့ကြောင်း၊ သုံးဆတိုးပေးရာတွင် ဝန်ကြီးဌာနမှ တစ်ဆ၊ နတလမှ တစ်ဆ၊ ဒေသခံပြည်သူများမှ တစ်ဆပေးရန် တင်ပြခဲ့ကြောင်း သိရသည်။ထို့အပြင် ဝေးလံခေါင်သီပြီး သွားလာရေး ခက်ခဲသည့် ဒေသများတွင် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များ ဘွဲ့လွန်ဖြေဆိုရာတွင်လည်း လောက်လောက်လားလား အရွေးခံနိုင်ရန် အမှတ်ပေးမည်ဖြစ်ကြောင်း၊ အာမခံချက် ပေးမည်ဖြစ်ကြောင်း၊ ယင်းပြည်နယ်များတွင် တာဝန်ထမ်းဆောင်ပြီးပါက မိမိတောင်းဆိုသည့် နေရာသို့ ပြန်ပေးမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ နည်းလမ်းများဖြင့် ဝေးလံခေါင်ဖျား ဒေသများသို့ သွားလိုအောင် ဝန်ထမ်းများ တာဝန်ထမ်းဆောင်လိုအောင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်က ပြောကြားသည်။ယခင်က ဝေးလံခေါင်သီပြီး သွားလာရေးခက်ခဲသည့် ဒေသမှ ဆရာဝန်ဘွဲ့ရရှိပြီး ဆမရရှိထားသည့် ဒေသခံလူငယ်များကို ဝန်ထမ်းရွေးချယ်အဖွဲ့က ခေါ်ယူစစ်ဆေးသည့် အကြိမ်ကြိမ် ဖြေဆိုသော်လည်း ရွေးချယ်ခံရခြင်း မရှိ၍ ဒေသခံများ၏ ကျန်းမာရေးစောင့်ရှောက်မှု အခက်ကြုံခဲ့ရကြောင်း၊ လက်ထောက်ဆရာဝန်ရာထူး ရွေးချယ်မှု ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကသာ စစ်ဆေးရွေးချယ်ခြင်း မဟုတ်ဘဲ ကျန်းမာရေးဝန်ကြီးဌာနမှ တွဲဖက်ပေးသည့် ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပူးတွဲစစ်ဆေးကာ သင့်လျော်သူများကို ရွေးချယ်ခန့်ထားပေးခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင် လက်ထောက်ဆရာဝန်ရာထူး ခန့်ထားရန် ရွေးချယ်မှုသည် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင်များသာမက ကျန်းမာရေးဝန်ကြီးဌာနမှ တွဲဖက်ပေးသည့် ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သည့် စိစစ်ရေးအဖွဲ့မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၂ နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ နည်းဥပဒေပုဒ်မ ၇ (က) နှင့်ပုဒ်မ (၈)နှင့်အညီ စိစစ်ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent