သင်္ကြန် ရုံးပိတ်ရက်များအလွန် . . .

သင်္ကြန် ရုံးပိတ်ရက်များအလွန် . . .
Published 19 April 2015
ဇော်ဝေ၊ ဆန်းထူးအောင်

နှစ်စဉ် မဟာသင်္ကြန် ပိတ်ရက်များသည် ရှိသင့်သည်ထက် ပိုနေသည့်အပေါ် စီးပွားရေးဖွံ့ဖြိုးမှုကို နှောင့်နှေးမှုများ ဖြစ်ပေါ်စေသလို ကုန်ဈေးနှုန်း တက်ခြင်းများနှင့် ဆက်စပ်နေတတ်ပြီး ကုန်ဈေးနှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လေ့ ရှိတတ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။မဟာသင်္ကြန် ပွဲတော်အတွက် အစိုးရရုံးဌာနများ၊ နိုင်ငံတကာနှင့် ဆက်နွှယ်နေသည့် လုပ်ငန်းများ ရပ်ဆိုင်းမှုများ ရှိနေကြောင်း တရားဝင် ရုံးပိတ်ရက် ၁၀ ရက် သတ်မှတ်ထားရာ ဧပြီတစ်လလုံးတွင် အစိုးရ ရုံးပိတ်ရက်များမှာ မဟာသင်္ကြန် ပိတ်ရက်နှင့် စနေ၊ တနင်္ဂနွေ ပိတ်ရက်များ ပေါင်းပါက နှစ်စဉ် ၁၃ ရက်နှင့် ၁၇ ရက်အကြား ရှိနေကြောင်း သိရသည်။ယခုနှစ်လည်း အစိုးရ ရုံးပိတ်ရက်မှာ သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက် အပါအဝင် ရုံးပိတ်ရက် ၁၅ ရက်ရှိနေပြီး တနင်္လာမှ သောကြာအထိ ငါးရက်ဆက် ရုံးတက်ရသည့် သီတင်းပတ်မှာ တစ်ပတ်သာ ရှိသည်။ သင်္ကြန်ရေသဘင်ပွဲတော်မှာ ဧပြီ ၁၆ ရက် (ကြာသပတေး)ကတည်းက ပြီးသွားပြီဖြစ်သော်လည်း လာမည့် ဗုဒ္ဒဟူးနေ့မှသာ ရုံးဖွင့်မည်ဖြစ်ဖြစ်သည်။ထိုသို့ အစိုးရရုံးပိတ်ရက် များပြားသည့်အတွက် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ဆောင်မှုများမှာ ဘဏ္ဍာနှစ်တစ်နှစ်၏ အစဖြစ်သော ဧပြီလအတွက် နှောင့်နှေးမှုများစွာ ဖြစ်ပေါ်စေကြောင်း အစိုးရရုံးပိတ်ရက် မူဝါဒပိုင်းဆိုင်ရာနှင့် ပတ်သက်၍ သုံးသပ်မှုများ ရှိနေသည်။“ဘဏ်တွေက အစိုးရရုံးပိတ်ရက်အတိုင်း လိုက်ပိတ်တော့ ဒုက္ခရောက်တာပေါ့။ ဘဏ်က ၁၀ ရက် ၁၁ ရက်ပိတ်တော့ ငွေစီးဆင်းမှုတွေ ရပ်ကုန်ရော။ ပြည်ပဝင်တဲ့ငွေတွေ အကုန်ရပ်ကုန်ရော။ ဒါ ဘဏ်အကျိုး မဟုတ်ဘူး။ နိုင်ငံ့စီးပွားရေးကို ပြောနေတာ။ မစဉ်းစားမိတာလား မသိဘူး။ ပိတ်ရက်ရှည်ပေးတာ မှန်တယ်။ ဒါပေမဲ့ ပိတ်ရက်က များနေတယ်။ ပုဂ္ဂလိက လုပ်ငန်းတွေ၊ အစိုးရ လုပ်ငန်းတွေက ပိတ်ချင်သလိုပိတ်၊ ငွေရေးကြေးရေး အဖွဲ့အစည်းတွေ၊ ဘဏ်တွေက ရက်အများကြီးပိတ်လို့ မကောင်းဘူး။ မလေ့လာဘဲနဲ့ ပိတ်ချလိုက်တယ်။ ဒီလို ပိတ်ခြင်းအားဖြင့် တိုင်းပြည်စီးပွားရေး ဘယ်လို ဖြစ်နိုင်တယ်ဆိုတာကို မစဉ်းစားကြဘူး။ ပျော်တာတော့ ပျော်ကြပါ။ ငွေရေးကြေးရေးကိစ္စကို စဉ်းစားကြပါ။ ငွေစီးဆင်းမှု ရပ်တယ်ဆိုကတည်းက တိုင်းပြည်စီးပွားရေး ရပ်သွားတာ။ ငွေလွှဲကောင်တာတောင် မရှိအောင် အကုန်ပိတ်လိုက်တယ်။ အဲဒါက အကျိုးဆက်အတွက် မကောင်းဘူး” ဟု ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောကြားသည်။အိမ်နီးချင်း တရုတ်နိုင်ငံတွင် နှစ်သစ်ကူး ပိတ်ရက်များသော်လည်း ဘဏ်များကိုမူ သီးသန့်ညွှန်ကြားချက်များဖြင့် ငါးရက်သာ ပိတ်ထားကြောင်း သိရသည်။“ရုံးပိတ်ရက်များတဲ့ ကိစ္စက နိုင်ငံခြားမှာလည်း ရှိပါတယ်။ တရုတ်နှစ်သစ်ကူးဆိုရင်လည်း ပိတ်ကြတာပဲ။ ဒါပေမဲ့ ဘဏ်လုပ်ငန်းကျတော့ ဗဟိုဘဏ်က ထိန်းရတယ်။ ဘယ်နေ့ပိတ်မှာလဲ ဆိုတာကို ဗဟိုဘဏ်က ညွှန်ကြားရတယ်။ သူများနိုင်ငံမှာ ဘဏ်လုပ်ငန်းက အကြာကြီး မပိတ်ဘူး။ ဒီမှာက စီးပွားရေးလည် ပတ်မှုက ၁၀ ရက်လောက် ရပ်သွားတဲ့သဘော ရှိတယ်။ ဒါက ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ တရုတ်ပြည်မှာ နှစ်သစ်ကူးကို ရက်အများကြီး ပိတ်တဲ့ နိုင်ငံတောင်မှ ဘဏ်ကို ငါးရက်ပဲပိတ်တယ်။ ဘယ်နိုင်ငံမဆို ငါးရက်က အများဆုံးပဲ။ ယိုးဒယားကို ကြည့်လိုက်။ ငွေလွှဲကောင်တာကအစ အကုန်လုံးက ဖွင့်နေတာပဲ။ အဲဒီလို ဖွင့်ကြတယ်။ ဒီတိုင်းပြည်မှာ ဗဟိုဘဏ်က ဂရုစိုက်ဖို့ လိုတယ်။ ကျန်တဲ့အလုပ်တွေက ပိတ်ချင်သလို ပိတ်တာကို ချုပ်ချယ်လို့ မရဘူး။ ဘဏ်ကျတော့ အဲဒီလို မဟုတ်ဘူး။ ဗဟိုဘဏ်ကနေပြီးတော့ ပိတ်ရက်တွေကို သတ်မှတ်ပေးရမယ်။ ဒီမှာက Foreign Exchange ကလည်း မဖွင့်တော့ဘူး။ အဲဒါ မကောင်းဘူး” ဟု ဦးသန်းလွင်က ဆက်လက်ပြောကြားသည်။သင်္ကြန်ရုံးပိတ်ရက်ရှည်ကို အကြောင်းပြုပြီး ပို့ကုန်သွင်းကုန် လုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ ဈေးကွက်ကြာရှည်စွာ ပိတ်ထားပြီး နောက် ဈေးစဖွင့်ခြင်းကြောင့်လည်း ဈေးကစားမှုများ ဖြစ်ပေါ်မှုကို နှစ်စဉ်ကြုံတွေ့ရလေ့ရှိကြောင်း၊ ကုန်ဈေးနှုန်းမြှင့်တက်မှုမှာ သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ရုံးပိတ်ရက် အပြီးတွင် နှစ်စဉ်လိုလို ဈေးကွက်အတွင်း ကုန်ဈေးနှုန်းများ တစ်ဟုန်ထိုး တက်လာမှုများနှင့် ကြုံတွေ့ရကြောင်း သုံးသပ်မှုများ ရှိနေသည်။            သင်္ကြန်ရုံးပိတ်ရက် မတိုင်မီ ဒေါ်လာဈေး ဆက်တိုက်ကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ရုံးပိတ်ရက်မတိုင်မီ တစ်ပတ်အလို ဧပြီ ၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၀၄၄ ကျပ်၊ ဧပြီ ၇ ရက်တွင် တစ်ဒေါ်လာလျှင် ၁၀၅၅ ကျပ်၊ ဧပြီ ၈ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၀၆၀၊ ဧပြီ ၉ ရက်တွင် တစ်ဒေါ်လာ ၁၀၆၅ ကျပ်နှင့် ဧပြီ ၁၀ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၀၇၀ သို့ ကျဆင်းလာခဲ့သည်။ပြည်ပငွေလဲနှုန်းတွင် ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ မတ်လလယ်ကတည်းက စတင်ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး မတ်လကုန်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၀၉၀ သို့ ရောက်ရှိလာခဲ့သည်။သို့သော် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း အနေဖြင့် မတ်လကုန်အထိ တစ်ဒေါ်လာလျှင် ၁၀၂၇ ကျပ်ဖြင့် တည်ငြိမ်နေခဲ့ပြီးနောက် ဧပြီလဆန်းပိုင်းမှသာ စတင်ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ပြင်ပငွေလဲနှုန်း အနေဖြင့် ဧပြီ ၇ ရက်က တစ်ဒေါ်လာလျှင် ၁၀၇၆ ကျပ်မှ ၁၀၈၄ ကျပ်အတွင်း ဈေးဖွင့်နေရာမှ ဧပြီ ၁၀ ရက်တွင် ၁၀၆၈ ကျပ်မှ ကျပ် ၁၀၈၀ အကြားတွင် ဈေးဖွင့်ကြောင်းလည်း သိရသည်။သင်္ကြန်ရုံးပိတ်ရက်ရှည်ကြောင့် စီးပွားရေးလုပ်ငန်းများ ဆိုင်းငံ့နေသည့် အချိန်တွင် ယခုကဲ့သို့ ဗဟိုဘဏ်ငွေလဲနှုန်းတွင် ဒေါ်လာဈေး တက်လာခြင်းမှာ ထူးခြားကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူ GIZ မှ ဦးစံသိန်းက ပြောကြားသည်။အလားတူ သင်္ကြန်ရုံးပိတ်ရက် မတိုင်မီ သုံးရက်အတွင်း ဘုရင့်နောင်ဈေးကွက်တွင် ပဲမျိုးစုံဈေးမှာ တစ်တန်လျှင် ကျပ် ၃၀၀၀၀ မှ ကျပ် ၄၀၀၀၀ အထိ မြင့်တက်သွားခဲ့သည်။သို့သော် မြန်မာနိုင်ငံ ပဲ၊ နှမ်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးထွန်းလွင်ကမူ “သင်္ကြန်ရုံးပိတ်ရက်က ကြိုတင်ပြီးသိထားတဲ့အတွက် သွင်းကုန်ပို့ကုန်တွေကို ကြိုပြီး လုပ်ထားလိုက်တယ်။ ငွေတွေဘာတွေ အတွက်ကိုလည်း ဘဏ်ကနေပြီး ကြိုထုတ်ထားတဲ့အတွက် သိပ်ပြီးတော့ အခက်အခဲ မရှိပါဘူး။ ပို့တာရော သွင်းတာရော ဒီအတိုင်းပဲ ကြိုတင်ပြင်ဆင်ထားလိုက်တယ်” ဟု ပြောကြားသည်။နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်နွှယ်လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံရှိ ပြည်ပပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့် မဟာသင်္ကြန် အစိုးရ ရုံးပိတ်ရက် ကာလအတွင်း အခြားနိုင်ငံများမှ ကုန်မှာယူမှုများ ရှိနေရာ ကုန်တင်ပို့မှုများ လုပ်ဆောင်ရခြင်းကြောင့် အစိုးရဌာန တစ်ခုဖြစ်သည့် အကောက်ခွန် ဦးစီးဌာနသည်လည်း အစိုးရ ရုံးပိတ်ရက်တွင် ပြည်ပပို့ကုန် လုပ်ငန်းရှင်များ အဆင်ပြေစွာ နိုင်ငံတကာ ကုန်သွယ်မှု ပြုလုပ်နိုင်စေရန် ယခုနှစ် မဟာသင်္ကြန် ရုံးပိတ်ရက် ၁၀ ရက်တွင် ရုံးဖွင့်ရက်လေးရက် သတ်မှတ်ထားကြောင်း သိရသည်။မြန်မာနိုင်ငံတွင် မဟာသင်္ကြန် ပိတ်ရက်အဖြစ် သတ်မှတ်သည့် အစိုးရရုံးပိတ်ရက် ကာလအတွင်း မဖြစ်မနေ တာဝန်ထမ်းဆောင်ရသည့် နိုင်ငံ့ဝန်ထမ်း အများစုမှာ ဆေးရုံများရှိ ဆရာဝန်၊ သူနာပြုများ အပါအဝင် ဝန်ထမ်းများ၊ အကျဉ်းထောင်၊ ရဲစခန်းများတွင် တာဝန်ထမ်းဆောင်ရသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်မှ အရာရှိ အရာခံ အကြပ်တပ်သားများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး အများသူငါ ရုံးပိတ်ရက်တွင်ပါမကျန် တာဝန်ထမ်းဆောင်ရသည့် နိုင်ငံဝန်ထမ်းများ အနေဖြင့် မဟာသင်္ကြန် ရုံးပိတ်ရက်သည် မညီမျှသော နိုင်ငံတော်ရုံးပိတ်ရက်များ ဖြစ်ပေါ်စေကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။တာမွေမြို့နယ်အတွင်းရှိ ဈေးတစ်ခုမြင်ကွင်းကို ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ရှိုင်းလင်းအောင်)
သင်္ကြန်ကာလ ရုံးပိတ်ရက် ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများနှင့် သာမန်လုပ်သား ပြည်သူများအတွက် နားရက်ရရှိသော်လည်း နှစ်ပေါင်းများစွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သည့် မြန်မာနိုင်ငံ အနေနှင့် လက်ရှိကာလသည် နိုင်ငံတကာအား အမီလိုက်နိုင်ရန် စီးပွားရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ကိုင်သင့်သည့် အချိန်ဖြစ်ပြီး ပိတ်ရက်ရှည်ကြာမှုသည် လက်ရှိတွင် မဖြစ်သင့်တော့ကြောင်း ကုန်သည်စက်မှု အသင်းချုပ် တာဝန်ရှိသူ တစ်ဦးကလည်း သုံးသပ်သည်။ပုဂ္ဂလိက လုပ်ငန်းများကလည်း အစိုးရ ရုံးပိတ်ရက်အတိုင်း သတ်မှတ်ပိတ်နေသည့် အတွက်ကြောင့် စားသုံးသူများ အခက်အခဲ ဖြစ်ပေါ်ခြင်းများလည်း ရှိနေသည်။“Sky Net လိုင်းက ၁၆ ရက်နေ့က သက်တမ်းကုန်သွားတယ်။ ကုန်သွားတဲ့အတွက် လိုင်းဖြတ်ထားတယ်။ ဒီနေ့ည ဘောလုံးပွဲရှိတယ်။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ဒီဘောလုံးပွဲစဉ်တွေအတွက် Sky Net ကိုဝယ်တာ။ အခု သင်္ဃန်းကျွန်း RSP ရုံးက ပိတ်ထားတယ်။ ကျွန်တော် သက်တမ်းတိုးချင်တာ တိုးလို့မရဘူး။ ကျွန်တော်တို့လို့ ကြားရက် သက်တမ်းကုန်တဲ့ သူတွေအတွက် ဘယ်လိုလုပ်ပေးမလဲ စဉ်းစားသင့်တယ်။ သင်္ဃန်းကျွန်းက RSP က ပြန်ဖွင့်မှာက ၁၉ ရက်နေ့မှလို့ ပြောတယ်။ ဒီလို အခက်အခဲတွေ ရှိတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက်တွင် နေထိုင်သူ ဦးအောင်ချိုလင်းက ပြောကြားသည်။ထို့အတူ အများသူငါ ပျော်ပါးချိန်တွင် ပျော်ရွှင်မှု မရှိသူများလည်း ရှိနေသည်။ငွေကြေးကြွယ်ဝသူများနှင့် လုပ်ခလစာ အာမခံချက်ရှိသည့် အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများအတွက် ပိတ်ရက်များသည်မှာ အကျိုးတစ်စုံတစ်ရာ ရှိသော်လည်း သာမန်ကျပန်း လုပ်ကိုင်သူများနှင့် တစ်နေ့လုပ် တစ်နေ့စား ရသူများအတွက်မူ သင်္ကြန်ပိတ်ရက်များမှုမှာ စားဝတ်နေရေး အကျပ်အတည်းကို ဖြစ်စေကြောင်း သုံးသပ်မှုများ ရှိနေသည်။        “ကျွန်တော်က ပွဲရုံမှာ နေ့စားလုပ်ရတာ။ အခုတစ်လော အလုပ်ပါးတော့ တစ်ရက်နှစ်ထောင်ပဲ အလုပ်ရှင်က ပေးတယ်။ ရာသီမဟုတ်ရင် အဆင်မပြေဘူး။ မိသားစုကလည်း ရှိသေးတယ်။ Boss ကလည်း ကရုဏာရှင်အသင်းတို့၊ ခွေးစောင့်ရှောက်ရေးတို့ တိရစ္ဆာန်စောင့်ရှောက်ရေးတို့မှာ လှူရတာကို ဝါသနာပါတယ်။ ကျွန်တော်တို့ကို သင်္ကြန်အပိုဆုကြေးတော့ ပေးလေ့မရှိဘူး။ အလုပ်ကလည်း ပိတ်ထားတော့ ပိတ်ရက်တွေမှာ အခက်အခဲတွေ ရှိတယ်။ အမေနဲ့ အဖေအတွက် သင်္ကြန်ရက်ကလေးမို့ ကန်တော့ချင်တာတောင် မကန်တော့နိုင်ဘူး” ဟု မန္တလေးမြို့ လမ်း ၉၀ ပေါ်ရှိ သီးနှံရောင်းဝယ်ရေး ပွဲရုံတစ်ခုမှ အလုပ်သမားတစ်ဦးက ပြောကြားသည်။သင်္ကြန်အပြီး ကုန်ကြမ်းအဝင် နည်းခြင်းကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများလည်း ဈေးတက်လာကြောင်း အခြေခံစားသောက်ကုန် ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။အစိုးရဝန်ထမ်းများ လစာတိုးမြှင့်လိုက်ခြင်း၊ ဒေါ်လာဈေး မြင့်တက်လာခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ ကြီးမြင့်မှုများအပေါ် စိုးရိမ်မှုများလည်း မြင့်တက်လျက်ရှိသည်။ADB ကလည်း ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းသို့ ရောက်ရှိလာနိုင်ကြောင်း မတ် ၂၄ ရက်တွင်ထုတ်ပြန်သည့် Asia Development Outlook အစီရင်ခံစာအရ သိရသည်။

Most Read

Most Recent