မန္တလေး ဧရာဝတီ ရေလမ်းနယ်မြေတွင် ကျန်ရှိ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအချို့ ဧပြီလအတွင်း အပြီးဆောင်ရွက်မည်

မန္တလေး ဧရာဝတီ ရေလမ်းနယ်မြေတွင် ကျန်ရှိ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအချို့ ဧပြီလအတွင်း အပြီးဆောင်ရွက်မည်
Published 19 April 2015
အောင်သူ၊ လဲ့လဲ့အောင်

မန္တလေး ဧရာဝတီ ရေလမ်းနယ်မြေအတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ဆောင်ရွက်လျက်ရှိသော ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကာ ကျန်ရှိတည်ဆောက်ရေး လုပ်ငန်းများကို ဧပြီလအတွင်း အပြီးဆောင်ရွက်သွားမည်ဟု သိရသည်။တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် နေရာ ၂၈ ခုတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ မြစ်ရေနည်းကာလတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မတ်လကုန်တွင် လုပ်ငန်းအများစု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကာ အချို့နေရာများတွင် လက်စသတ် လုပ်ငန်းများဆောင်ရွက်ရန် ကျန်ရှိနေခြင်းကြောင့် ယင်းလုပ်ငန်းများကို ဧပြီလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(မန္တလေး)မှ သိရသည်။“၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေနဲ့ ဆောင်ရွက်တဲ့ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းတွေက ရာနှုန်းပြည့် ပြီးစီးနေပါပြီ။ နှစ်နေရာလောက်မှာတော့ လက်စသတ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ကျန်သေးတဲ့အတွက် အဲဒီနေရာတွေကို ဧပြီလအတွင်း အပြီးဆောင်ရွက်သွားမှာပါ” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (မန္တလေး) တိုင်းဦးစီးမှူးက ပြောကြားသည်။ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို စဉ့်ကူးမြို့နယ်တွင် ကျေးရွာခုနစ်ရွာ၊ မတ္တရာမြို့နယ်တွင် ကျေးရွာရှစ်ရွာ၊ အမရပူရမြို့နယ်တွင် ကျေးရွာလေးရွာ၊ ငါန်းဇွန်မြို့နယ်တွင် နှစ်ရွာ၊ မြင်းခြံမြို့နယ်တွင် နှစ်ရွာ၊ ညောင်ဦး၊ တောင်သာ၊ မလှိုင် မြို့နယ်များတွင် တစ်နေရာစီနှင့် စဉ့်ကိုင်မြို့နယ်တွင် နှစ်နေရာ၌ ကမ်းပြိုကာကွယ်ရေးအဖြစ် မြေထိန်းနံရံ၊ ရေလွှဲရေကာ၊ သောင်တူးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။တိုင်းဒေသကြီးအစိုးရက ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၂၈ ခုအတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၂၀၀၀ ကျော် သုံးစွဲခွင့်ပြုခဲ့ပြီး မြစ်ရေကျချိန်တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ အိတ်ဖွင့်တင်ဒါ ခေါ်ယူ၍ လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီခြောက်ခုက ကမ်းပြိုကာကွယ်မှု တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၅ ခုနှစ် ဇန်နဝါရီက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။   

Most Read

Most Recent