၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်စတွင် အကောက်ခွန်မဲ့ပစ္စည်း ကျပ် သိန်း ၄၉၀ ကျော်ဖိုး ဖမ်းဆီးရမိ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်စတွင် အကောက်ခွန်မဲ့ပစ္စည်း ကျပ် သိန်း ၄၉၀ ကျော်ဖိုး ဖမ်းဆီးရမိ
Published 19 April 2015
မင်းသီဟဇော်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်စတွင် အကောက်ခွန်မဲ့ပစ္စည်း ကျပ်သိန်း ၄၉၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ၁၀ ရက်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်နှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့တွင် တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိဘဲ တင်သွင်းလာသော ကုန်ပစ္စည်းများအား စစ်ဆေးရှာဖွေ တားဆီးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ ကာလအတွင်း အကောက်ခွန် ဦးစီးဌာနက စုစုပေါင်း ဖမ်းဆီး/တားဆီးမှု ၁၁ မှုဖြစ်ပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၄၉၀ ကျော် (၄၉ ဒသမ ၃၂ သန်း)ခန့်ရှိကြောင်း သိရသည်။                 ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တားဆီးမှု နှစ်မှုရှိခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၀ ကျော်ခန့်ရှိကြောင်း သိရသည်။ဆိပ်ကမ်းများတွင် တားဆီးမှု တစ်မှုရှိခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၀ ကျော်ခန့်ရှိကြောင်း သိရသည်။အကောက်ခွန် နယ်မြေဒေသများတွင် တားဆီးမှု ရှစ်မှုရှိခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၃၇၀ ကျော်ခန့်ရှိကာ ထူးခြားဖမ်းဆီးမှု အနေဖြင့် ဧပြီ ၃ ရက်က မန္တလေးကျောက်ချော စစ်ဆေးရေးစခန်း၌ မန္တလေးမှ မူဆယ်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တင်သွင်းခွင့် အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ခန့်မှန်းတန်ဖိုး ကျပ် ၄ ဒသမ ၀၅ သန်းခန့်ရှိ ကျောက်စိမ်းဟု ယူဆရသော ပုတီးစေ့များ တွေ့ရှိသဖြင့် တားဆီးအရေးယူခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရရှိမှု အနေဖြင့် ကျပ် ၄ ဒသမ ၅ ဘီလျံကျော် ရှိခဲ့ကြောင်း သိရသည်။၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်းကလည်း ကျောက်စိမ်း၊ ရွှေမှောင်ခိုကုန်ကူးမှု အပါအဝင် အကောက်ခွန်မဲ့ပစ္စည်း စုစုပေါင်း ကျပ်ခြောက်ဘီလျံကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။အကောက်ခွန် ဦးစီးဌာနသည် နိုင်ငံခြားမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊ စည်းမျဉ်းအမိန့်များနှင့်အညီ အခွန်ကောက်ခံရန်၊ နိုင်ငံခြားသို့ တင်ပို့ခြင်းနှင့် နိုင်ငံခြားမှ တင်သွင်းသော ကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊ စည်းမျဉ်းအမိန့်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိမရှိ ကြီးကြပ်ရန်၊ တရားမဝင်တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများအား စုံစမ်းဖော်ထုတ် အရေးယူရန် စသည့် ဆောင်ရွက်ချက်များကို ကိုင်တွယ်ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent