ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းများသို့ကုန်ပစ္စည်းနှင့် ဝန်ထမ်းများ သယ်ယူပို့ဆောင်ပေးနေသော ရဟတ်ယာဉ်တစ်စင်း စက်ချို့ယွင်း၍ ထားဝယ်မြို့အနီးတွင် အရေးပေါ်ဆင်းသက်ခဲ့ရ

ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းများသို့ကုန်ပစ္စည်းနှင့် ဝန်ထမ်းများ သယ်ယူပို့ဆောင်ပေးနေသော ရဟတ်ယာဉ်တစ်စင်း စက်ချို့ယွင်း၍ ထားဝယ်မြို့အနီးတွင် အရေးပေါ်ဆင်းသက်ခဲ့ရ
Published 19 April 2015
ဖြိုးဇင် (ထားဝယ်)

တနင်္သာရီကမ်းလွန်ရှိ Petronas ကုမ္ပဏီ၏ ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းသို့ သွားရောက်ရန် ထားဝယ်လေဆိပ်မှ ထွက်ခွာလာသည့်  Hili Union ကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စင်းမှာ ရဲတံခွန်စီမံကိန်းသို့ မရောက်မီ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပွားခဲ့သဖြင့် ထားဝယ်မြစ်အနီးရှိ လယ်ကွင်းထဲသို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။
 
ရန်ကုန်လေဆိပ်၌ အခြေစိုက်၍ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းများသို့ ကုန်ပစ္စည်းနှင့် ဝန်ထမ်းများ သယ်ယူပို့ဆောင်ပေးနေသော Hili Union ကုမ္ပဏီမှ ရဟတ်ယာဉ် အမှတ် F-GYVL သည် ဧပြီ ၁၈ ရက် နံနက်ပိုင်းက ကံပေါက်ဒေသမှ ထားဝယ်-ရဲတံခွန်၊ ရဲတံခွန်-ထားဝယ်-ကံပေါက်ခရီးစဉ်ကို ပျံသန်းနေစဉ် ထားဝယ်မြို့မှ ရဲတံခွန်စီမံကိန်းသို့ အသွားလမ်း၌ ဟိုက်ဒရောလစ်ပိုက်ပေါက်သဖြင့် ထားဝယ်လေဆိပ်သို့ အကြောင်းကြားကာ နောက်ကြောင်းပြန်လှည့်လာစဉ် ထားဝယ်မြို့အနီး ထားဝယ်မြစ်အနောက်ဘက် ကမ်းနံဘေးရှိ လယ်ကွင်းအတွင်းသို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း၊ ရဟတ်ယာဉ်အား မောင်းနှင်လာသည့် ပြင်သစ်နိုင်ငံသား ယာဉ်မှူးနှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။
 
“ဒီရဟတ်ယာဉ်က ကမ်းလွန်ရေနံစီမံကိန်းတွေကို သယ်ယူပို့ဆောင်ရေးပြုလုပ်ပေးနေတဲ့ ရဟတ်ယာဉ်ပါ။ ထားဝယ်ကနေ ရဲတံခွန်အသွား စီမံကိန်းမရောက်ခင် လမ်းတစ်ဝက်မှာ ဟိုက်ဒရောလစ်ပိုက်ပေါက်ပြီး ထားဝယ်ကို ပြန်လှည့်ခဲ့ပါတယ်။ ထားဝယ်လေဆိပ်တာဝါကို အကြောင်းကြားတာက နံနက် ၉ နာရီ ၃ မိနစ်မှာဖြစ်ပြီး ၉ နာရီ ၁၈ မိနစ်မှာ အရေးပေါ် ဆင်းခဲ့ရတယ်ပြောတယ်။ ရဟတ်ယာဉ်က ကမ်းလွန်စီမံကိန်းကို ရောက်ခါနီးမှ ပြန်လှည့်လာခဲ့တာပါ။ ပြုပြင်မယ့်အဖွဲ့က ရန်ကုန်ကနေ ရဟတ်ယာဉ်တစ်စင်းနဲ့ လာနေပါတယ်။ ထိခိုက်တာတော့ မရှိပါဘူး။ ဟိုက်ဒရောလစ်က လေယာဉ်ဘီး အတင်အချလုပ်ရင် ပြဿနာဖြစ်နိုင်တယ်။ လောလောဆယ်တော့ ဟိုက်ဒရောလစ်ပိုက်ပေါက်တာကြောင့်လို့ပဲ သိထားရပြီး အင်ဂျင်နီယာအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး လုပ်နေပါတယ်”  ဟု ထားဝယ်လေဆိပ် လေကြောင်းထိန်းသိမ်းရေးတာဝါမှ ဦးလှစိုးက ပြောကြားသည်။
 
အဆိုပါ ရဟတ်ယာဉ်မှာ စက်ချို့ယွင်းမှုဖြစ်ပွားခဲ့ပြီးနောက် ထားဝယ်လေဆိပ်သို့ နောက်ကြောင်းပြန်လှည့်လာခဲ့သော်လည်း ရောက်ရန် မိနစ်ပိုင်းအလို၌ ထားဝယ်မြစ် အနောက်ဘက်ကမ်းနံဘေးရှိ အင်းဝန်းရွာအရှေ့ဘက် လယ်ကွင်းအတွင်းသို့ နံနက် ၉ နာရီ မိနစ်၂၀ ခန့်တွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီး ရဟတ်ယာဉ်ပေါ်တွင် ယာဉ်မှူးနှစ်ဦးသာ လိုက်ပါလာခဲ့ကြောင်း သိရသည်။
 
“လယ်ကွင်းစပ်ကနေကြည့်နေတာ ရဟတ်ယာဉ်က တစ်ခြမ်းစောင်းပြီး နိမ့်ဆင်းလာတယ်။ ပြီးတော့ လယ်ကွင်းထဲကျသွားတယ်။ ကျလာတုန်းက ပန်ကာ သိပ်မလည်တော့ဘူး။ လေယာဉ်ကွင်းက ဒီနားနီးနီးလေးပဲ လိုတော့တာ။ တစ်ခါမှ ဒီလိုမမြင်ဖူးလို့ တော်တော်လေးအံသြနေတာ။ မြစ်နံဘေးကပ်နေတာဆိုတော့ မြစ်ထဲကျသွားမယ်လို့ ထင်ရတယ်။ ဘာမှမဖြစ်ကြတာ တော်ပါသေးတယ်” ဟု ရဟတ်ယာဉ်ဆင်းသက်မှုကို မြင်တွေ့ခဲ့သည့် ရွာသားတစ်ဦးက ပြောကြားသည်။
 

Most Read

Most Recent