အောင်စာရင်းထွက်သည့်နေ့တွင် စာမေးပွဲကျသော နဝမတန်းကျောင်းသူတစ်ဦး ရှစ်လွှာတိုက် အပေါ်ဆုံးထပ်မှ ပြုတ်ကျသေဆုံးမှု ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွား

အောင်စာရင်းထွက်သည့်နေ့တွင် စာမေးပွဲကျသော နဝမတန်းကျောင်းသူတစ်ဦး ရှစ်လွှာတိုက် အပေါ်ဆုံးထပ်မှ ပြုတ်ကျသေဆုံးမှု ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွား
Published 19 April 2015
အောင်မျိုးသန့်

အောင်စာရင်းထွက်သည့်နေ့တွင် စာမေးပွဲကျသော နဝမတန်းကျောင်းသူတစ်ဦး ရှစ်လွှာ အပေါ်ဆုံးထပ်မှ ပြုတ်ကျသေဆုံးမှု ဧပြီ ၁၈ ရက် နံနက် ၈ နာရီခန့်က ပုဇွန် တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း  သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ သာယာကုန်းလမ်း၊ (၂) ရပ်ကွက်၊ တိုက် (၃၄)၊ ၃ လွှာ(-) တွင် နေထိုင်သူ မ... (၁၅) နှစ်၊ နဝမတန်းကျောင်းသူသည်  အောင်စာရင်းထွက်သည့်နေ့ နံနက် ၈ နာရီခန့်တွင် ဦးလေး၊ အစ်မများဖြင့် တိုက်ခန်း၌ ရှိနေခဲ့ကြောင်း၊ မ....၏ အောင်စာရင်းကို ၎င်းမိဘများက ကျောင်းသို့ သွားရောက်ကြည့်ရာ မ.....မှာ စာမေးပွဲကျသည်ကို သိရှိခဲ့ကြောင်း၊  ထိုအချိန်တွင် အစ်မဖြစ်သူက မ...မှာ တိုက်ပေါ်မှ ပြုတ်ကျသည့်အကြောင်း မိဘနှစ်ပါးကို ဖုန်းဖြင့် ပြောကြားခဲ့ပြီး နေအိမ်တိုက်ခန်းသို့ ပြန်လာခဲ့ကြောင်း ပုဇွန်တောင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းအောင်က ပြောကြားသည်။
 
“ကောင်မလေးရဲ့  သူငယ်ချင်းတွေနဲ့  မိသားစုဝင်တွေ မေးကြည့်တဲ့အခါမှာ အောင်စာရင်းကို သူ့မိဘတွေ သွားကြည့်တယ်။ စာမေးပွဲကျတော့ မိဘတွေက အိမ်တန်းမပြန်ဘဲ ဆိုင်တစ်ဆိုင်မှာ ထိုင်နေတယ်။  အဲဒီအချိန်မှာ စာမေးပွဲကျတဲ့အကြောင်းကို အိမ်ကို လှမ်းမပြောရသေးပါဘူး။ ပြီးတော့မှ  အိမ်ကနေ အစ်မဖြစ်သူက တိုက်ပေါ်မှ ပြုတ်ကျတဲ့အကြောင်း ဖုန်းနဲ့ လှမ်းပြောတော့မှ အိမ်ကိုပြန်လာခဲ့တယ်။ ကောင်မလေး ပြုတ်ကျတာက ရှစ်လွှာအပေါ်ဆုံးထပ် ဒါဘာကနေ ပြုတ်ကျတာပါ။ သူပြုတ်ကျတာကိုလဲ မိသားစုဝင်တွေက မသိပါဘူး။ ပတ်ဝန်းကျင်က ပြောတာမှ သိတာပါ။ ကောင်မလေးက သူငယ်တန်းကနေ ရှစ်တန်းအထိ ဆုတွေ နှစ်တိုင်းရခဲ့သူပါ။ စာတော်တဲ့ သူလေးပါ။ ရှစ်တန်းမှာ ဆုရလို့ ဆိုပြီး အဖေက ဖုန်းတောင် ဝယ်ပေးခဲ့ပါတယ်။ သူ့ကိုလဲ မိသားစုဝင်တွေက တင်းတင်းကျပ်ကျပ် မချုပ်ချယ်ဘူး။   မောင်နှမချင်းလဲ ချစ်ချစ်ခင်ခင်ရှိကြတယ်။ ရည်းစားတွေ ဘာတွေထားတာလဲ မရှိပါဘူး။ ကျွန်တော်တို့ အထင်ကတော့ သူ့ သူငယ်ချင်းတစ်ယောက်က စာမေးပွဲကျကြောင်းကို ဖုန်းနဲ့လှမ်းဆက်လို့ သိသွားတယ်လို့ သုံးသပ်ထားတယ် ” ဟု ဒုရဲမှူး သိန်းအောင်က ဆက်လက် ပြောကြားသည်။
 
အဆိုပါ ပြုတ်ကျမှုဖြစ်စဉ်အား သေဆုံးသူနေထိုင်ရာ တိုက်ခန်းသို့ သွားရောက်မေးမြန်းရာ “ အပေါ်ကနေ ခြေချော်ပြီး ပြုတ်ကျသွားတာပါ ” ဟု  အဆိုပါတိုက်ခန်းတွင် ရှိနေသူတစ်ဦးက ပြန်လည်ဖြေကြားသည်။
 
“ကောင်မလေးက ရှစ်လွှာ ဒါဘာကနေ ပြုတ်ကျတာ။ အောက်မှာ အပင်ရှိတယ်။ အပင်ပေါ် အရင်ပြုတ်ကျပြီး အောက်သို့  ပက်လက်အနေအထားနဲ့ ပြုတ်ကျတာပါ”   ဟု သာယာကုန်းလမ်းတွင် နေထိုင်သူတစ်ဦး က ပြောကြားသည်။ 
 
ပြုတ်ကျသေဆုံးသူ မ.. မှာ ဦးခေါင်းဘယ်ဘက်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်လိုက်ကြောင်း သိရသည်။ သေဆုံးသူ မ .... မှာ အ.ထ.က (၂) ဗိုလ်တထောင်ကျောင်းတွင် ပညာသင်ကြားနေသူဖြစ်ကြောင်း သိရသည်။
 
၎င်းဖြစ်စဉ်အား ပုဇွန်တောင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၅ ဖြင့် အမှုဖွင့်ထားကြောင်း  ပုဇွန်တောင်မြို့မရဲစခန်းမှ သိရသည်။
 

Most Read

Most Recent