အခြေခံပညာအဆင့် အောင်စာရင်းများ ထုတ်ပြန်၊ အစိုးရစစ်စာမေးပွဲဖြစ်သည့် အဋ္ဌမတန်း၏ တစ်နိုင်ငံလုံးအောင်ချက် ၅၄ ရာခိုင်နှုန်းရှိပြီး ကျရှုံးသူများ မေ ၁၄ ရက်တွင် ပြန်ဖြေရမည်

အခြေခံပညာအဆင့် အောင်စာရင်းများ ထုတ်ပြန်၊ အစိုးရစစ်စာမေးပွဲဖြစ်သည့် အဋ္ဌမတန်း၏ တစ်နိုင်ငံလုံးအောင်ချက် ၅၄ ရာခိုင်နှုန်းရှိပြီး ကျရှုံးသူများ မေ ၁၄ ရက်တွင် ပြန်ဖြေရမည်
Published 19 April 2015
အောင်မျိုးသန့်၊ စောရည်နန္ဒာ

၂၀၁၄-၂၀၁၅ ပညာသင်နှစ် အခြေခံပညာအဆင့် အောင်စာရင်းများ၂၀၁၅ ခုနှစ် ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အစိုးရစစ်ဖြစ်သည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း  အောင်ချက်ရာခိုင်နှုန်းများ ကျဆင်းပြီး ကျရှုံးသူများ မေ ၁၄ ရက်တွင် ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း အမှတ် (၃)အခြေခံပညာဦးစီးဌာနမှ သိရသည်။
 
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်စာရင်းများ ထုတ်ပြန်ရာတွင် စတုတ္ထတန်းအောင်စာရင်းမှာ အောင်ချက် ၇၅ ဒသမ ၈၆ ရာခိုင်နှုန်းရှိပြီး အဋ္ဌမတန်း အောင်စာရင်းမှာမူ  အောင်ချက် ၅၄ ဒသမ ၁၁ ရာခိုင်နှုန်းသာ ရှိသည့်အတွက် အဋ္ဌမတန်းအဆင့်တွင် ပြန်လည်ကုစားရန် ရာခိုင်နှုန်းများပြားခဲ့ကြောင်း အမှတ်(၁) အခြေခံပညာဦးစီးဌာနမှ သိရသည်။
 
“အစ်မသမီးက အင်္ဂလိပ်နဲ့သင်္ချာဘာသာ နှစ်ဘာသာကျတယ်။ ပြန်ပြီးတော့ ဖြေရမယ်။ ဒီလ၂၇ ရက်ကျရင် ကျောင်းကိုသွားပြီး ဆရာမတွေနဲ့တိုင်ပင်ဆွေးနွေးရမှာပါ။ အစိုးရစစ်ဆိုတော့ ကျတဲ့သူများတာပေ့ါ။ ကလေးတွေ အရင်ကတည်းက အရည်အချင်းရှိတဲ့ ကျောင်းသားတွေ မဟုတ်တော့ အကျများတာပေါ့”ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူ မသန္တာကိုက ပြောကြားသည်။
 
အခြေခံပညာကျောင်းများနည်းတူ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင်လည်း အောင်စာရင်းများ အသီးသီးထုတ်ပြန်ကြေညာပြီး  စမ်းသပ်လုပ်ကိုင်ခွင့်ရရှိခဲ့ကြသည့် ပုဂ္ဂလိကကျောင်းများသည်လည်း ၎င်းတို့နှင့် တွဲဖက်ထားသည့် သက်ဆိုင်ရာမြို့နယ်အလိုက် ကျောင်းများတွင်လည်း အောင်စာရင်းအသီးသီး ထုတ်ပြန်ခဲ့ကြသည်။
 
“ကျွန်မသားက ဒီနှစ် ရှစ်တန်းဖြေထားတာ။ ဒီနှစ်က ကျောင်းစတက်ကတည်းက အစိုးရစစ်ဆိုတော့ စာမေးပွဲအောင်ပါ့မလား ဆိုပြီးတော့ စိုးရိမ်မိတယ်။ ဒါပေမဲ့ ကျွန်မသားက အောင်ပါတယ်။ ဒီနှစ်က ရှစ်တန်းမှာကျတဲ့ ကလေးတွေ များတယ်။ 
ဘာဖြစ်လို့လဲဆိုရင် တစ်သက်လုံးဒီလိုဖြေလာပြီး အခုကျမှ အစိုးရစစ်ဆိုတော့ ကလေးတွေအတွက် အရမ်းကို ခက်ခဲသွားတာပေါ့။ ဒါပေမဲ့လည်း ကောင်းပါတယ်။ အရည်အချင်းတော့ ရှိသွားတာပေါ့။ ဒါကြောင့် နောက်နှစ် နဝမတန်းကိုတက်ဖို့ အတွက် ကျူရှင်တွေတက်ပြီးတော့ ပြင်ဆင်နေပါတယ်”ဟု သာကေတမြို့နယ် အ.လ.က (၇) တွင် အခြေခံပညာအလယ်တန်းအဆင့် တက်ရောက်နေသည့် မောင်သန့်ဇင်၏ မိခင်က ပြောကြားသည်။
 
တစ်နိုင်ငံလုံးအတိုင်းအတာအရ အခြေခံပညာအဆင့်စာမေးပွဲများကို ဖေဖော်ဝါရီ နှင့် မတ်တို့တွင် စစ်ဆေးခဲ့ပြီး အခြေခံပညာအဆင့်ကျောင်းသား၊ ကျောင်းသူ သိန်းရှစ်ဆယ်ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
 
“သာမန်ဖြေဆိုနေရာကနေ အစိုးရစစ်ကိုပြောင်းလိုက်တော့ နည်းနည်းတော့ စိုးရိမ်မိတာပေါ့။ ကျွန်မရဲ့သမီးက အောင်ပါတယ်။ ပထမဆုံး အစိုးရစစ်အောင်တယ်ဆိုတော့ ဝမ်းသာမိပါတယ်။ အရင်တုန်းကတော့ ကလေးတွေ အောင်စာရင်းထွက်ရင် အေးဆေးပဲ ဘာမှမဖြစ်ဘူး။ အချိန်တန်ရင်အောင်မှာပဲဆိုပြီးတော့ နေလိုက်တာ။ ဒီနှစ်ကျတော့ အစိုးရစစ်ဆိုတော့ ကလေးတွေအတွက် စိုးရိမ်မိတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ ဒေါ်ရွှေကျင်က ပြောကြားသည်။
 
ယခုနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတုတ္ထတန်းတွင် ကျရှုံးသူများရှိခဲ့ကာ အဋ္ဌမတန်းတွင်မူ ကျရှုံးသူ ပိုမိုများပြားခဲ့ပြီး ကျရှုံးသည့် ဘာသာရပ်များကို  လာမည့် မေ ၁၄၊ ၁၅၊ ၁၆ ရက်တွင် ပြန်လည်ဖြေဆိုရမည် ဖြစ်သည်။ ထို့အတွက်  ကျရှုံးသည့် ကျောင်းသားကျောင်းသူများကို ယခု ၂၇ ရက်တွင် ပြန်လည်သင်ကြားမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
“ဒီနှစ်မှာ ရှစ်တန်းကကျတဲ့သူ ပိုများတယ်။ လေးတန်းကျတဲ့သူ နည်းတယ်။ ကျတဲ့သူတွေကို ပြန်ပြီးတော့ သင်ကြားပေးပြီး နောက်လထဲမှာ ပြန်ဖြေရမှာပါ။ ပြီးတော့ကျလို့ပြန်ဖြေတဲ့သူတွေထဲမှာ ဘာသာစုံဖြေပြီး ကျတဲ့သူပဲ ပြန်ဖြေလို့ရမယ်။ သာသာစုံ လာမဖြေတဲ့ကျောင်းသားတွေကတော့ ပြန်ဖြေခွင့်မရဘူး။ နောက်တစ်နှစ် ပြန်တက်ရမယ်။ တစ်ချို့ကျောင်းတွေဆိုရင် နောက်နေ့ပြန်ခေါ်ပြီး သင်ပေးမဲ့ကျောင်းတွေတောင် ရှိပါတယ်”ဟု အမှတ်(၃) အခြေခံပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က ဆိုသည်။
 
ရန်ကုန်တိုင်းတစ်တိုင်းလုံးတွင် အဋ္ဌမတန်းဖြေဆိုသည့် ကျောင်းသားကျောင်းသူပေါင်း (၈၂၄၆၄)ဦး ရှိခဲ့ပြီး အောင်မြင်သူ (၃၄၀၆၈) ဦး ရှိခဲ့ကြောင်း သိရသည်။
 
“ပုံမှန်ကျောင်းစစ်ဆို ပြီးသွားနေရာကနေ အစိုးရစစ်ဆိုပြီး ဖြေဆိုခိုင်းတော့ နဂိုတည်းက မတော်တဲ့ကျောင်းသားတွေက အထိနာတာပေါ့။ ကျတဲ့ ကလေးတွေကို ဒီ လ၂၇ ရက်မှစပြီး ပြန်တက်ရမယ်။ တစ်ဘာသာနှစ်ဘာသာကျတဲ့ ကျောင်းသားတွေကို သီးသန့်ခွဲထားမယ်။ ဘာသာအလိုက်ကျတဲ့သူတွေကို သက်ဆိုင်ရာဘာသာရပ်မှူးတွေနဲ့ ဆွေးနွေးပြီး သူတို့တွေကို ဘယ်လိုပြန်သင်ရမလဲဆိုတာကို လုပ်နေတယ်။ ကျတဲ့ကျောင်းသူတွေရဲ့စာရင်းတွေကို သီးသန့် ကပ်ထားပါတယ်။ အများစုကတော့ သင်္ချာနဲ့သမိုင်းနဲ့ အင်္ဂလိပ်စာတွေမှာ ကျတာများပါတယ်။ ဆရာမကြီးတို့ကျောင်းမှာ၂၉၅ ယောက် ကျပါတယ်” ဟု အ.ထ.က(၁)သင်္ဃန်းကျွန်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ခင်သန်းဆွေက ပြောကြားသည်။
 
မြန်မာနိုင်ငံ၌ နှစ်ပေါင်း၂၀ အတွင်း စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ကို အစိုးရစစ် စနစ်ဖြင့် စတင်ဖြေဆိုခဲ့ကြပြီး ကျရှုံးသူ များပြားခဲ့ကြောင်း သိရသည်။ 
 

Most Read

Most Recent