နာရေးကူညီမှုအသင်း (ရန်ကုန်) က သင်္ကြန်ကာလအတွင်း အရေးပေါ်ကယ်ဆယ်မှု များပြားပြီး နာရေးကူညီမှုလည်း ယခင်နှစ်ထက် ပိုများခဲ့

နာရေးကူညီမှုအသင်း (ရန်ကုန်) က သင်္ကြန်ကာလအတွင်း အရေးပေါ်ကယ်ဆယ်မှု များပြားပြီး နာရေးကူညီမှုလည်း ယခင်နှစ်ထက် ပိုများခဲ့
Published 18 April 2015

နာရေးကူညီမှုအသင်း (ရန်ကုန်) မှ သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရန်ကုန် မြို့ရှိ လူစည်ကားရာနေရာများတွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ကူညီကယ်ဆယ်ခဲ့ရမှုများ များပြားပြီး သင်္ကြန်တွင်း နာရေးကူညီခဲ့ရမှုလည်း ယခင်နှစ်ထက် များပြားလာကြောင်း သိရသည်။
 
နာရေးကူညီမှုအသင်းအနေဖြင့် ရန်ကုန်မြို့ ရခိုင်သင်္ကြန်မဏ္ဍပ်များ တည်ရှိရာ သုဝဏ္ဏကွင်း၊ မြကျွန်းသာ စက်မှု (၁) နှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် အရေးပေါ် ကယ်ဆယ်ရေးယာဉ်များဖြင့် ကူညီစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
 
“ကျွန်တော် တာဝန်ကျတဲ့နေရာက သုဝဏ္ဏမှာပါ။ အကြိုနေ့က ကားမှောက်တဲ့ လူနာခြောက်ယောက်ကို စံပြဆေးရုံ ပို့ပေးခဲ့တယ်။ တခြား စနောက်ရင်းဖြစ်တဲ့ ရန်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း များပါတယ်။ တတ်နိုင်သလောက်တော့ ကားပေါ်မှာ သွေးတိတ်အောင် ပြုစုပေးပြီး ဆေးရုံကို ပို့ပေးခဲ့တယ်။ အတက်နေ့ကလည်း ကမ္ဘာအေးစေတီလမ်းမှာ ဂက်စ်အိုးပေါက်တဲ့ နေရာမှာ ထိတဲ့လူနာတွေကိုလည်း ဆေးရုံပို့ ပေးခဲ့ပါတယ်။ ရန်ဖြစ်တဲ့လူနာတွေက ပိုများပါတယ်။ အတက်နေ့က ကျွန်တော်တို့ မနက် လေးနာရီအထိ ကားနဲ့လှည့်ပါတယ်။ မြကျွန်းသာမှာက ညခုနစ်နာရီကနေ မနက် ခြောက်နာရီအထိ ကူညီမှုတွေ ပြုလုပ်ပေးပါတယ် ”  ဟု သုဝဏ္ဏအသင်းတိုက်မှတ်တိုင်အနီး တွင် တာဝန်ကျသူ ကိုရဲလင်းမြင့်က ပြောကြားသည်။
 
ထို့ပြင် သင်္ကြန်ကာလအတွင်း နာရေးကူညီမှုများသည် ယခင်နှစ် ၂၀၁၄ ခုနှစ်က ၁၄၂ ခုရှိခဲ့ပြီး ယခုနှစ် ၂၀၁၅ ခုနှစ်တွင် ၁၅၄ ခု ကူညီပေးခဲ့ကြောင်း သိရသည်။ သင်္ကြန်အကြိုနေ့တွင် ၂၆ ဦး၊ အကျနေ့တွင် ၃၉ ဦး၊ အကြတ်နေ့တွင် ၄၀ ဦးနှင့် အတက်နေ့တွင် ၄၉ ဦးတို့ကို ကူညီပေးခဲ့သည်။
 
“သင်္ကြန်ကာလမှာ အစ်မတို့ နာရေးကူညီရတဲ့အခါ အခက်အခဲကတော့ လမ်းမှာ ကားမောင်းရင်းနဲ့ အရက်မူးနေတဲ့သူတွေက ကားတွေကို တားတယ်။ ကယ်ဆယ်ရေးကားဆိုတော့ သူတို့က စနောက်တဲ့သဘောနဲ့ အပျော်တားကြပေမယ့် အစ်မတို့အတွက်က အပျက်သဘော ဖြစ်သွားတာပေါ့နော်။ နောက်ပြီး မနေ့က ရုရှားသင်္ဘောက သဘောၤသား ငါးဦးကို ဆေးရုံမှာသချုႋင်းစာ သွားတောင်းပြီး မြန်မာအယူအရ နာရေးကို နှစ်သစ်မကူးကောင်းဘူးဆိုတော့ ညဘက်ရောက်မှ သချုႋင်းကိုသွားပို့ရတယ်။ မနေ့က ည ၁၂ နာရီအထိ ၄၉ ဦးကို နာရေးကူညီပေးခဲ့ပါတယ်”ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အတွင်းရေးမှူး မဧရာမောင်မောင်က ပြောကြားသည်။
 
ထို့ပြင် နာရေးကူညီမှုအသင်းမှ ဖွင့်လှစ်ထားသော သုခကုသိုလ်ဖြစ်ဆေးခန်းကိုမှု နှစ်ဆန်း ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ 
 
နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ရန်ကုန်မြို့တွင်း၌ သာမန်အချိန်များတွင် ကယ်ဆယ်ကူညီမှုများကို လူနာတင်ကားများဖြင့် ဂျူတီချမှတ်ပြီး ညအချိန်များတွင် ကူညီကယ်ဆယ်မှုများလည်း ပြုလုပ်ပေးလျက်ရှိသည်။

Most Read

Most Recent