မြန်မာနှစ်ဆန်း ၁ ရက်က ရွှေတိဂုံစေတီတော် ချမ်းသာကြီးတန်ဆောင်းတွင် သွေးလှူဒါန်းသူများပြားပြီး သွေးပုလင်းပေါင်း ၁၀၀၀ နီးပါး ရရှိခဲ့

မြန်မာနှစ်ဆန်း ၁ ရက်က ရွှေတိဂုံစေတီတော် ချမ်းသာကြီးတန်ဆောင်းတွင် သွေးလှူဒါန်းသူများပြားပြီး သွေးပုလင်းပေါင်း ၁၀၀၀ နီးပါး ရရှိခဲ့
Published 18 April 2015
အိသဉ္ဇာကျော်

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့၌ ရွှေတိဂုံစေတီတော် ချမ်းသာကြီးတန်ဆောင်း၌ (၂၃) ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
 
သွေးလှူဒါန်းရန်အတွက် လာရောက် စာရင်းပေးသွင်းသူဦးရေ ၁၂၀၀ ကျော်ရှိခဲ့ပြီး ယင်းတို့အနက်မှ သွေးပုလင်းပေါင်း ၉၂၅ ပုလင်း ရရှိခဲ့ကြောင်း အမျိုးသားသွေးဌာနမှ ဒေါက်တာနွယ်နွယ်ဦး၏ ပြောကြားချက်အရ သိရသည်။ 
 
“နှစ်စဉ် နှစ်ဆန်း ၁ ရက်နေ့တိုင်း ချမ်းသာကြီးတန်ဆောင်းမှာ စုပေါင်းသွေးလှူ ဒါန်းပွဲ လုပ်ခဲ့တယ်။ နှစ်တိုင်းလည်း သွေးပုလင်းပေါင်း ရာချီရခဲ့တယ်။ စာရင်းပေးတဲ့သူတွေက အရမ်းများပေမယ့် တချို့က သွေးပေါင်ချိန်မပြည့်တာ၊ အားနည်းနေတာမျိုးတွေရှိတော့ လှူဖို့စာရင်းပေးတဲ့သူတိုင်းတော့ သွေးမရဘူး။ နောက် ဒီနှစ်သင်္ကြန်ကာလမှာ အရေးပေါ်သွေးလိုရင် ကူညီလို့ရအောင် အမျိုးသားသွေးဌာနမှာ သင်္ကြန်မတိုင်ခင် ၉ ရက်နဲ့ ၁၀ရက်တွေမှာ သွေးလာလှူကြဖို့ နှိုးဆော်ခဲ့တဲ့အတွက် လာလှူတဲ့သူတွေလည်း တော်တော်များပါတယ်။ အဲဒီသွေးတွေကို သင်္ကြန်ကာလအတွင်း ပြည်သူ့ဆေးရုံတွေမှာ လိုအပ်တဲ့လူနာတွေအတွက် အသုံးပြုပြီးပြီလို့လည်း ပြောကြားချင်ပါတယ်” ဟု ဒေါက်တာနွယ်နွယ်ဦးက ပြောကြားသည်။ 
 
သင်္ကြန်ရက်မတိုင်မီ ရက်ပိုင်းအလိုက အမျိုးသားသွေးဌာနမှ အရေးပေါ်သွေးလိုအပ်သော ဝေဒနာရှင်များအား ထောက်ပံ့ပေးနိုင်ရန် သွေးလှူရှင်များမှ ဧပြီ ၉ ရက်နှင့် ၁၀ ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ အမျိုးသားသွေးဌာန (ရန်ကုန်) တွင် လာရောက်သွေးလှူဒါန်းရန် နှိုးဆော်ခဲ့ကြောင်းနှင့် ယင်းရက်များတွင် လာရောက် သွေးလှူဒါန်းသူများလည်းရှိခဲ့ပြီး သွေးပုလင်းပေါင်း ၄၀၀ ကျော် ရရှိခဲ့ကြောင်းလည်း သိရသည်။ 
 
ထို့ပြင် ရွှေတိဂုံစေတီတော်ရင်ပြင်တော်အတွင်း၌ လာရောက်ဖူးမြော်သူများ၊ အအေး၊ ရေသန့်လှူဒါန်းသူများဖြင့် စည်ကားခဲ့သည့် အပြင် မြောက်ဘက်မုခ် သွေးဆေးကန်အတွင်း၌လည်း ငါးလွှတ်သူများ၊ ငှက်လွှတ်သူများဖြင့် စည်ကားခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာနမှ လွှတ်ငါးများကို ရောင်းချပေးခဲ့ကြောင်း သိရ သည်။ 
 

Most Read

Most Recent