မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်ဆန်း ၁ ရက်တွင် ရန်ကုန်မြို့ရှိ စေတီပုထိုးများ၌ လာရောက်ဖူးမြော်သူများ၊ အလှူဒါနပြုသူများဖြင့် စည်ကား

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်ဆန်း ၁ ရက်တွင် ရန်ကုန်မြို့ရှိ စေတီပုထိုးများ၌ လာရောက်ဖူးမြော်သူများ၊ အလှူဒါနပြုသူများဖြင့် စည်ကား
Published 18 April 2015
အောင်ကျော်ထက်၊ပြည့်ဖြိုးအောင်၊နှင်းဝေ

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်တွင် မြန်မာတို့၏ ဓလေ့ထုံးတမ်းများအရ  ရန်ကုန်မြို့ရှိ အထင်ကရဘုရားစေတီများသို့ လာရောက်ဖူးမြော်သူများ၊ မြို့နယ်နှင့် ရပ်ကွက်အသီးသီးတို့တွင် အစဉ်အလာမပျက် အလှူအတန်းပြုလုပ်သူများ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် အထူးစည်ကားခဲ့သည်။ ထို့ပြင် ပန်းခြံများ၊ ကစားကွင်းများနှင့် အပန်းဖြေဥယျာဉ်များ၌လည်း လာရောက်အပန်းဖြေသူများဖြင့် အထူးစည်ကားခဲ့သည်ကို တွေ့ရသည်။
 
ရွှေတိဂုံစေတီတော်
 
မြန်မာနှစ်ဆန်း ၁ ရက်တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော သမိုင်းဝင် ရွှေတိဂုံစေတီတော်တွင် နံနက် အရုဏ်တက်မှစ၍ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူ ပူဇော်ကြသူများဖြင့် စည်ကားခဲ့ပြီး လူမှုရေးပရဟိတအဖွဲ့များ၊ နေရာဒေသအသီးသီးမှ အရွယ်စုံဘုရားဖူး လာရောက်ကြသူများဖြင့် အထူးစည်ကားခဲ့သည်။
 

 
နှစ်ဆန်း (၁) ရက်တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သူများအား တွေ့ရစဉ်
 
ထို့ပြင် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ မှ ဦးဆောင်၍ ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ ငှက်လွှတ်ပွဲများ ပြုလုပ်ခဲ့သည်။ ရွှေတိဂုံစေတီတော် ချမ်းသာကြီးတန်ဆောင်းတွင် (၂၃) ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကို ပြုလုပ်ခဲ့သည်။ ဘုရားတန်ဆောင်များတွင် ဥပုသ်သီလယူနိုင်ရန် ဥပုသ်သီလ တရားဟောကြားပေးသည့် သံဃာတော်များကိုလည်း တွေ့ခဲ့ရသည်။ စေတီရင်ပြင်ပေါ်တွင် ဆွမ်း၊ ဆီမီး၊ ပန်း၊ အမွှေးနံ့သာများ လှူဒါန်း ကုသိုလ်ယူသူများကို တွေ့ရသည်။
 
ထို့ပြင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ မဟာဝိဇယစေတီတွင်လည်း နေမင်းမှ အလင်းရောင်ဖြင့် ပူဇော်သည်ကို လာရောက်ဖူးမြော်သူများဖြင့် အထူးစည်ကားခဲ့သည်။
 
“အဘွားကတော့ နှစ်စဉ် နှစ်ဆန်း ၁ ရက်ဆိုရင် ဘုရားကို လာရောက်ဖူးမြော်ပါတယ်။ မိသားစ ုလိုက်လာတာပေါ့။ ဥပုသ်သီလစောင့်ရင်း ဘုရားလာဖူးတာပါ။ မြေးလေးတွေ ပါတယ်လေ။ သူတို့ကတော့ စတုဒိသာ ကျွေးမွေးတာ တိုးစားကြတယ်။ နှစ်သစ်မှာ စိတ်သစ်၊ ကိုယ်သစ်နဲ့ တစ်နိုင်ငံလုံး အေးချမ်းကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟု တာမွေမြို့နယ်မှ ဘုရားလာရောက်ဖူးမြော်သည့် ဒေါ်ကျင်ထွေးက ပြောကြားသည်။
 

 
နှစ်ဆန်း (၁) ရက်တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သူများအား တွေ့ရစဉ်
 
ရွှေတိဂုံဘုရားမြောက်ဘက်မုခ်ရှိ သွေးဆေးကန်၌လည်း ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းတို့ဖြင့် ကုသိုလ်ယူကြသူများနှင့် အထူးစည်ကားခဲ့ပြီး ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ မဟာဝိဇယစေတီတွင်လည်း ဘုရားဖူးလာသူ အလွန်များပြားခဲ့ကြောင်း တွေ့ရသည်။ထို့ပြင် ဘုရားရင်ပြင်နှင့် ဧည့်ခံတန်ဆောင်း တို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်ကြသူများအပြင် အစားအစာ၊ အချိုရည်၊ ဆေးဝါးတို့ကို စတုဒိသာပြုလုပ်ကြသည့် လူငယ်အဖွဲ့များစွာကို တွေ့ခဲ့ရသည်။
 
ဗိုလ်တထောင်စေတီ
 
အလားတူ ဗိုလ်တထောင်စေတီတော်တွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်သူများနှင့် စည်ကားခဲ့သည်။ ဘုရားလာရောက်ဖူးမြော်များက ဇီဝိတဒါနအဖြစ် ငှက်လွှတ်ခြင်း၊ ငါးများလွှတ်ခြင်း၊ လိပ်ကန်၌ လိပ်စာကျွေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။ငါးများ လွှတ်ရာတွင် မြန်မာလူမျိုးသာမက နိုင်ငံခြားသား ခရီးသွားဧည့်သည်များကလည်း ငါးများနှင့် ငှက်များ လွှတ်ခဲ့ကြသည်။
 
“ဒီနေ့က နှစ်ဆန်း  ၁  ရက်နေ့ဆိုတော့ ငါးလွှတ်တဲ့သူတွေ များပါတယ်။ ငါးတွေကတော့ အစားစားပါပဲ။ ကြီးတဲ့အကောင်က တစ်ဈေး၊ သေးတဲ့အကောင်က တစ်ဈေးပေါ့။ ဝယ်တဲ့သူတွေ ရှိပါတယ်။ နိုင်ငံခြားသားတွေလည်း ဝယ်ပြီး လွှတ်တာတွေလည်း ရှိတယ်” ဟု ဗိုလ်တထောင်စေတီရှေ့တွင် ဇိဝိတဒါနပြုရန် ငါးအရှင် ရောင်းချနေသူ အမျိုးသားတစ်ဦးက ပြောကြားသည်။
 
ဗိုလ်တထောင်စေတီတော်သို့ မိသားစု နှင့် သာကေတမြို့နယ်မှ လာရောက်ဖူးမြော်သည့် ကိုမြင့်အောင်က  “အစ်ကိုတို့ မိသားစုက ဒီနှစ်ဆန်း ၁ ရက်နေ့မှာ ဘုရားလာဖူးတယ်။ ဆုတောင်းပြည့် ဘိုးဘိုးကြီးဆီမှာလည်း လာဆုတောင်းတာပါတယ်။ ပြီးတော့ ငှက်ကလေးတွေ၊ ငါးကလေးတွေ လွှတ်ပြီး အခုနှစ်သစ်မှာ အနှောင်အဖွဲ့ကင်းကင်းနေနိုင်အောင် ပြုလုပ်ခဲ့တာပါ” ဟု ပြောကြားသည်။
 

 
နှစ်ဆန်း (၁) ရက်တွင် ဗိုလ်တထောင်စေတီသို့ လာရောက်ဖူးမြော်သူများအား တွေ့ရစဉ်
 
ထို့အပြင် ဗိုလ်တထောင်စေတီတော် တွင် ရွှေရင်အေး စတုဒိသာ တိုက်ကျွေးခြင်း၊ ဆေးဝါးလှူဒါန်းခြင်း ပြုလုပ်ခဲ့ပြီး ဗိုလ်တထောင်ဘုရားတွင် ယခင် ပုံမှန်နေ့များထက်  ပြည်တွင်းမှ ဘုရားဖူးလာရောက်ကြသူများဖြင့် စံချိန်တင် များပြားလျက်ရှိသည်။
 
ဗိုလ်တထောင်စေတီရှိ  ဆုတောင်းပြည့် ဗိုလ်တထောင် ဘိုးဘိုးကြီးနှင့် အစ်မတော် မြနန်းနွယ် နတ်နန်းဆောင်၌လည်း ဆုတောင်းပြည့်သည်ဟူသော ယုံကြည်ချက်ဖြင့် လာရောက်ဖူးမြော်ကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
 
ထို့ပြင် ငါးစာကျွေး ကုသိုလ်ယူကြသူများ၊ လိပ်စာကျွေး ကုသိုလ်ယူကြသူများ၊ ငှက်လွှတ် ကုသိုလ်ယူကြသူများလည်း အထူးများပြားလျက် ရှိသည်။
 
ထို့ပြင် ဗိုလ်တထောင်စေတီတော်တွင်  အအေးစတုဒိသာ လာရောက်ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ကိုဇေယျက “ကျွန်တော်တို့ ဒီမှာ အအေးလာလှူဖြစ်တာ သုံးနှစ်ရှိပါပြီ။သူငယ်ချင်းတွေစုပြီး လုပ်တာ။ ကိုယ်တတ်နိုင်သလောက်လေးပါပဲ။ ဘုရားဖူးတွေ ဘုရားလာဖူးရင်းနဲ့ အမောပြေသောက်လို့ရအောင် လာလှူဖြစ်တာပါ။ နောက်နှစ်တွေလဲ လှူဖြစ်အောင် ကြိုးစားသွားမှာပါ” ဟု ပြောပြသည်။
 
အခြားစေတီများတွင်လည်း စည်ကား
 
ရန်ကုန်မြို့၏ အခြားသော အထင်ကရစေတီများဖြစ်သည့် ဆူးလေစေတီ၊ ကမ္ဘာအေးစေတီ၊ မဟာဝိဇယစေတီ၊ ကျောက်တော်ကြီး၊ မယ်လမု၊ ဝဋ်ကြွေးတော်ပြေဘုရား၊ မဟာကျိန်သစ္စာရှင်ဘုရား၊ ရေလယ်ကျောက်တန်း ဘုရားတို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ၊ ကော်ဖီ၊ မုန့် တို့ကို စတုဒိသာ အလှူလာရောက်ပြုလုပ်ကြသူများဖြင့် အထူးစည်ကားခဲ့သည်။
 
ထို့ပြင် စွယ်တော်မြတ်စေတီတော်၊ သမိုင်းဝင် ကျိုက္ကဆံစေတီတော် အစရှိသည့် မြို့နယ်အသီးသီးမှ စေတီတော်များတွင် ဖူးမြော်သူများဖြင့် စည်ကားခဲ့သည်။ 
 

 
ရွှေတိဂုံအနောက်ဘက်မုဒ်ရှိ ရေကန်တွင် ငါးများလွှတ်ကာ ကုသိုလ်ယူနေသည်ကို တွေ့ရစဉ်
 

ဘုရားများသို့ လာရောက်ကြသူများမှာ အနယ်နယ်အရပ်ရပ်မှ သက်ကြီးရွယ်အိုများ၊ လူငယ်များ၊ မိသားစုများအပြင်  ရဟန်းသံဃာများ၊ မယ်သီလရှင်များလည်း လာရောက်ကြပြီး ပြည်ပခရီးသွားများလည်း လာရောက်ဖူးမျှော်ကြကာ နှစ်ဆန်း ၁ ရက်နေ့ အထိမ်းအမှတ်ဖြင့် စတုဒိသာအလှူပြုလုပ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းများကို စိတ်ဝင်တစား မှတ်တမ်းတင်ခဲ့ကြသည်။
 
ကမ္ဘာအေးစေတီ၌လည်း ငါးလွှတ်ကြသူများ၊ ငါးစာကျွေး ကုသိုလ်ယူကြသူများ၊ စတုဒိသာအလှူပြုလုပ်သူ များပြားခဲ့ပြီး အခြားသော ရန်ကုန်မြို့ရှိ အထင်ကရဘုရားများစွာတို့တွင်လည်း ဘုရားဖူး လာရောက်ကြသူများ၊ စတုဒီသာ အလှူပြုလုပ်ကြသူများ၊ ဇီဝိတဒါန အလှူပြုလုပ်ကြသူများဖြင့် အထူးများပြား စည်ကားခဲ့ပြီး မြန်မာတို့၏ အစဉ်အလာမပျက် ဓလေ့ရိုးရာအစဉ်အလာတို့ကိုလည်း တွေ့မြင်ခဲ့ကြရသည်။
 
ဒါနပြုသူများ၊ အပန်းဖြေသူများဖြင့် စည်ကား
 
ထို့ပြင် ရပ်ကွက်အသီးသီးတွင်လည်း ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ မြန်မာမုန့်မျိုးစုံ၊ အအေးတို့ကို စတုဒိသာပြုလုပ်ကာ ကျွေးမွေးလျက်ရှိကြပြီး ကလေးများသာမကဘဲ လူကြီးများကလည်း အလှူရှင်များ ဒါနမြောက်အောင် ပျော်ရွှင်ဝမ်းမြောက်စွာ လာရောက် အားပေးခဲ့ကြသည်။
 
ဘုရားများ၌ သာမက ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင်၊ ကလေးကစားကွင်းများ၊ ပန်းခြံများတွင်လည်း သူငယ်ချင်းမိတ်ဆွေများ၊ မိသားစုဝင်များနှင့် လာရောက်အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိပြီး နှစ်ဆန်း ၁ ရက်တွင်မှ အသစ်တင်သည့် ကာတွန်းမြိုင်ရာဇာတွတ်ပီ၏ “လော်မင်္ဂလာ”  ဟာသဇာတ်ကားသစ်ကို လာရောက်ကြည့်ရှုအားပေးကြသူများ၊ နိုင်ငံခြားဇာတ်ကားများကို အားပေးကြည့်ရှုကြသူများဖြင့် ရုပ်ရှင်ရုံများတွင်လည်း အထူးစည်ကားလျက် ရှိခဲ့သည်။
 
“လှော်ကားမှာတော့ ဒီနှစ်မှ သွားလှူ တာပါ။ ဒီမှာက တကယ်မရှိတဲ့လူတွေလည်း အများကြီးရှိနေတာဆိုတော့ အစားအစာတွေအပြင် အဝတ်အထည်တွေလည်း လှူဒါန်းခဲ့ပါတယ်”  ဟု လှော်ကား၌ စတုဒိသာအလှူ ပြုလုပ်ခဲ့သူ မအိန္ဒြေခင်က ဆိုသည်။
 
ယင်းနေ့တွင် မိဘမဲ့ကလေးဂေဟောများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများတွင်လည်း အလှူလာရောက်ပြုလုပ်ကြသူများ များပြားခဲ့ပြီး နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင်လည်း ဘိုးဘွားများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်းဖြင့် လာရောက်ကုသိုလ်ယူကြသူများကို တွေ့မြင်ခဲ့ရသည်။
 

 
နှစ်ဆန်း (၁) ရက်တွင် ငှက်လွှတ်နေသူများအား တွေ့ရစဉ်   
 
မြန်မာနှစ်ဆန်း ၁ ရက်တွင် ရပ်ကွက်များအတွင်း စတုဒိသာကျွေးမွေးခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားနာယူခြင်းများဖြင့် ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။
 
ထို့သို့ စတုဒိသာ ကျွေးမွေးမှုများကို မြို့တွင်းရပ်ကွက်များနှင့် ဆင်ခြေဖုံးရပ်ကွက်များတွင် ပြုလုပ်ခဲ့ရာ လာရောက်စားသောက်သူ များပြားခဲ့ကြောင်း သိရသည်။
 
သို့သော်လည်း နှစ်သစ်ကူးကာလနှင့် ပတ်သက်၍ လွဲမှားသည့် အယူအဆအချို့လည်း ရှိနေရာ လူအများစုမှာ တန်ခူးလ၏ သင်္ကြန်အတက်နေ့ ည ၁၂ နာရီနောက်ပိုင်းအချိန်ကို မြန်မာတို့၏ နှစ်သစ်ကူးပြောင်းချိန်ဟု လွဲမှားစွာ ယူဆနေကြသည်။
 

 
နှစ်ဆန်း (၁) ရက်တွင် သာဓုကန်အနီး ရေပက်ကစားနေသူများ
 
“တကယ်တော့ မြန်မာနှစ်သစ်ကူးနေ့က သင်္ကြန်အတက်နေ့ ည ၁၂ နာရီကျော်တာနဲ့ ရောက်တယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒါက အင်္ဂလိပ်အယူအဆပါ။ မြန်မာမှာက သင်္ကြန်အတက်နေ့မှာ သိကြားမင်းတက်တဲ့အချိန်ဆိုရင် နှစ်သစ်ကူးချိန်ပါပဲ”  ဟု မြန်မာနိုင်ငံ နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကိုက ပြောကြားသည်။
 
အဆိုပါ နှစ်သစ်ကူးချိန်နှင့် ပတ်သက်၍ သင်္ကြန်အတက်နေ့ ည ၁၂ နာရီအချိန်တွင် SkyNet  သင်္ကြန်မဏ္ဍပ်တွင် နှစ်သစ်ကူး Count Down ရေတွက်မှုနှင့် ပတ်သက်၍ မြန်မာတို့၏ နှစ်ကူးချိန်နှင့် ခရစ်နှစ် နှစ်ကူးချိန်ကို လွဲမှားစွာ ပြုလုပ်ခဲ့ခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
 

 
နှစ်ဆန်း (၁) ရက်တွင် သာဓုကန်စေတီသို့ လာရောက်ဖူးမြော်သူများ
 
နှစ်သစ်တွင် ဆေးဝါးအလှူဒါနပြုလုပ်ခြင်းသည်လည်း တစ်နှစ်တာပတ်လုံး အသက်ရှည် အနာကင်းသည်ဟူသော ယုံကြည်ချက်ဖြင့် မြန်မာတို့၏ လေးစားဖွယ်ကောင်းသော အလှူ ဒါနတစ်ရပ်အဖြစ် တွေ့မြင်ရသည်။
မြန်မာလူမျိုးတို့သည် နှစ်သစ်၏ ပထမဦးဆုံးနေ့တွင် ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းများ ပြုလုပ်ကြသည်မှာ ရှေ့ဆက်ဖြတ်သန်းရမည့် တစ်နှစ်တာကာလပတ်လုံး အနှောင်အဖွဲ့ကင်းစွာ ဖြတ်သန်းနိုင်ရန်နှင့် အကျပ်အတည်းများ လွတ်မြောက်စေရန်ဟူသော ယုံကြည်ချက်ဖြင့် ကုသိုလ်ပြုလုပ်ခဲ့ကြသည်။
 
မြန်မာနှစ်ဆန်း ၁ ရက်သည် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်များထဲမှ တစ်ရက် ဖြစ်သကဲ့သို့ တစ်နှစ်တာပတ်လုံး ကောင်းမှုများဖြင့် စတင်ဖြတ်သန်းနိုင်ရန်အတွက် အလှူဒါနပြုလုပ်သည့် နေ့တစ်နေ့လည်းဖြစ်သည်။
 

 

Most Read

Most Recent