သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သည့် ထိခိုက်ဒဏ်ရာရ လူနာ ၇၀၀ ကျော်ရှိ

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သည့် ထိခိုက်ဒဏ်ရာရ လူနာ ၇၀၀ ကျော်ရှိ
Published 18 April 2015
အိသဉ္ဇာကျော်

ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေ ယခင်နှစ်ထက် လူဦးရေ ၄၀ ကျော် ပိုများခဲ့ပြီး ယခုနှစ်အတွင်း လူနာဦးရေ ၇၃၀၊ သေဆုံးလူနာ ငါးဦးရှိခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနမှ လက်ထောက်ဆေးရုံအုပ် ဒေါက်တာသူရက ပြောပြသည်။ 
 
သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့သည့် လူနာများအနက် ယာဉ်ထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအပြင် အခြားထိခိုက်မှုကြောင့် ဆေးရုံရောက်ခဲ့သူများလည်း ပါဝင်ကြောင်း၊ သင်္ကြန်အကြိုနေ့တွင် ၁၆၀၊ သင်္ကြန်အကျနေ့တွင် ၁၉၅၊ သင်္ကြန်အကြတ်နေ့တွင် ၇၆၊ သင်္ကြန်အတက်နေ့တွင် ၁၉၉ ဦး စုစုပေါင်း လူနာဦးရေ ၇၃၀ ခန့် ရောက်ရှိခဲ့ကြောင်း သိရသည်။ 
 
သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်နှင့် ပြင်ပလူနာအထူးကုဌာန၌ အရေးပေါ်အထူးကု ဆရာဝန်များအပါအဝင်  ကျန်းမာရေးဝန်ထမ်းပေါင်း ၁၀၀ ကျော်ဖြင့် ၂၄ နာရီ အလှည့်ကျတာဝန်များ ချထားခဲ့ကြောင်းနှင့် သင်္ကြန်ကာလအတွင်း ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိလာသည့် လူနာများကို ဆေးကုသမှုပေးနိုင်ရန် ယခင် လမ်းမတော်ဘက်ခြမ်းရှိ အရေးပေါ်ဌာနကို ၂၄ နာရီ ဖွင့်လှစ်ခဲ့ပြီး ငါးထပ်တိုးချဲ့ဆောင်သို့ ပြောင်းရွှေ့ထားသည့် အထူးကုပြင်ပလူနာဌာနကိုမူ သင်္ကြန်ကာလအတွင်း ရပ်နားခဲ့ကြောင်းလည်း သိရသည်။ 
 
နေ့စဉ် အရေးပေါ်ဌာနတွင် အရေးပေါ်အထူးကုဆရာဝန်၊ အရေးပေါ်လက်ထောက် ဆရာဝန်၊ ခွဲစိတ်အထူးကုဆရာဝန်၊ အရိုးအထူးကုဆရာဝန်နှင့် သမားတော်များကို နေ့စဉ်လေးဦးမှ ငါးဦးခန့်စီ အလှည့်ကျတာဝန်ချထားခဲ့ကြောင်းနှင့် အခြားကျန်းမာရေးဝန်ထမ်းများကိုလည်း တာဝန်ခွဲေ၀ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။ 
 
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် နှင့် ပြင်ပလူနာဌာနသို့ ၂၀၁၄ ခုနှစ် သင်္ကြန်ကာလအတွင်းက လူနာဦးရေ ၆၉၀ ကျော်၊ သေဆုံးလူနာ ၁၀ ဦး ထိရှိခဲ့ရာ ယာဉ်မတော်တဆမှုများကြောင့် အများဆုံးဖြစ်ကြောင်း နှင့် ၂၀၁၃ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေ ၅၁၈၊ သေဆုံး လူနာသုံးဦးရှိခဲ့ရာ အရေးပေါ်နှင့် ပြင်ပလူနာဌာနသို့ သင်္ကြန်ကာလအတွင်း ရောက်ရှိသည့် လူနာများမှာ နှစ်စဉ်မြင့်တက်လာကြောင်းလည်း သိရသည်။  

Most Read

Most Recent